ရန်ကုန် မေ ၂၆
မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန်လ နိုင်ငံတကာရက်သတ္တပတ်တွင် ယှဉ်ပြိုင်ရမည့် ဖိလစ်ပိုင်သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအတွက် အပြီးသတ်လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၃၀ ကျော်ဖြင့်ဖွဲ့စည်းကာ မေလဒုတိယပတ်ကတည်းက စခန်းဝင်လေ့ကျင့်နေခြင်းဖြစ်ပြီး နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းက ကိုင်တွယ်နေသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် လေ့ကျင့်နေစဉ် ကာလအတွင်း ကစားသမားအချို့ အပြောင်းအလဲပြုလုပ်ထားပြီး ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာသည့် အသင်းခေါင်းဆောင် မောင်မောင်လွင်လည်း အသင်းနှင့်ပူးပေါင်းနေသလို မြန်မာ ယူ-၁၇ လူငယ် လက်ရွေးစင်အသင်းခေါင်းဆောင် အောင်သီဟကိုလည်း အသင်းနှင့် ပူးပေါင်းလေ့ကျင့်စေလျက်ရှိသည်။
ဖိလစ်ပိုင် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းနှင့်အတူ မြန်မာ၊ ဂူအမ်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ ဇွန် ၃ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ဂူအမ်အသင်း၊ ဇွန် ၆ ရက်တွင် မြန်မာအသင်းနှင့် ဂူအမ်အသင်း၊ ဇွန် ၉ ရက်တွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ကိုညီလေး


