ဖိလစ်ပိုင်သမ္မတ မားကို့စ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ

ဇူလိုင် ၁၁

 ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာကြောင်း ပြောရေးဆိုခွင့်ရှိသူ ရို့စ်ဘီထရက်ခရုအိန်ဂျလိစ်က ပြောကြားသည်။

သမ္မတသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အခြေအနေပိုမိုတည်ငြိမ်မှုရှိကြောင်း ၊ ဖျားနာမှုမရှိကြောင်းနှင့် အနံ့အရသာများခံစားမှုရှိကြောင်း မားကိုစ်၏ဆရာဝန်ပြောကြားချက်ကိုကိုးကားပြီး အိန်ဂျလိစ်က ပြောကြားသည်။

မားကိုစ်တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာဘေးအန္တရာယ်နှင့် အဆုတ်ရောင်ရောဂါ လက္ခဏာပြသခြင်း မရှိဟု ၎င်းကဆိုသည်။ ဇူလိုင် ၁၀ ရက်က နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၂၀၁၈ ဦးရှိကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါရောဂါကူးစက်မှုအရေအတွက်သည် ငါးလနီးပါးအတွင်း  ကူးစက်မှုအမြင့်ဆုံး ဖြစ်သည်။ နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၃၇၁၈၄၆၇ ဦး ရှိကြောင်း အတည်ပြုထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ သန်း ၁၁၀ နီးပါးရှိသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ယခုနှစ် ဇန်နဝါရီ ၁၅ ရက်က ရောဂါထပ်မံကူးစက်ခံရသူဦးရေ ၃၉၀၀၄ ဦး ရှိရာ ထိုနေ့သည် ကူးစက်မှုအများဆုံးနေ့ ဖြစ်ခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို