ဖိလစ်ပိုင်တွင် မီးတောင်ပြာများကို အသုံးပြုကာ အုတ်ခဲပြုလုပ်

mdn

မနီလာ ၁၉ ဇန်နဝါရီ

 

ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာနှင့် မကြာခဏကြုံတွေ့နေရသည့် သဘာဝဘေး အန္တရာယ်တို့ကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်မှုတစ်ခု ပြုလုပ်ခဲ့သည်။

 

ယင်းမှာ မီးတောင်မှထွက်သည့်ပြာနှင့် ပလတ်စတစ်အမှိုက်များကို ပေါင်းစပ်ကာ အုတ်ခဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကားလ်မီးတောင်ပေါက်ကွဲမှုသည် လွန်ခဲ့သည့်သီတင်းပတ်တွင် ဖြစ်ပေါ်ခဲ့ကာ လေထုထဲသို့ ပြာမှုန့်များ ပျံ့ခဲ့ပြီး အနီးပတ်ဝန်းကျင်မြို့ဖြစ်သည့် ဘီနန်မြို့တွင် မီးခိုးရောင်ပြာမှုန့်များ ဖုံးလွှမ်းသွားခဲ့သည်။ သဘာဝပတ်ဝန်းကျင် အရာရှိများသည် အဆိုပါ ပြာများကို ချက်ချင်းရှင်းလင်းခြင်းမပြုဘဲ ပြာများ ဘိလပ်မြေနှင့် စွန့်ပစ် ပလတ်စတစ် အမှိုက်များကို ပေါင်းစပ်ကာ တစ်နေ့လျှင် အုတ်ခဲ ၅၀ဝ၀ ခန့် ထုတ်လုပ်သွားရန် စီစဉ်ခဲ့သည်။

 

ယင်းအုတ်ခဲများကို ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ဆောက်လုပ်ရာတွင် အသုံးပြုမည်ဟု သိရသည်။ တစ်နေရာတည်းတွင် ပြာများစုပြုံနေမည့်အစား အသုံးဝင်သည့်အရာအဖြစ် ပြောင်းလဲနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အရာရှိတစ်ဦးဖြစ်သူ ရိုဒရီလီယိုလီက ပြောသည်။ ဖိလစ်ပိုင်နိုင်ငံသည် စွန့်ပစ်အမှိုက်ပြဿနာနှင့်လည်း ရင်ဆိုင်နေရ ပြီး ပလတ်စတစ်အသုံးပြုမှုမှာ အံဩဖွယ်ရာကောင်းလောက်အောင် များပြားကြောင်း လွန်ခဲ့သည့်နှစ်က အစီရင်ခံစာတွင် ရေးသားထားသည်။

 

နှစ်စဉ် အင်အားပြင်းထန်သည့် မုန်တိုင်း ၂၀ ခန့် ဝင်ရောက်လေ့ရှိပြီး အင်အားပြင်းထန်သည့်ငလျင်လည်း လှုပ်ခတ်လေ့ရှိသည်။ ယင်း သဘာဝ ဘေးအန္တရာယ်များကြောင့် လူပေါင်းရာနှင့်ချီ၍ အသက်ဆုံးရှုံးရသည်။

 

အေအက်ဖ်ပီ