ဖိုးကျားဆင်စခန်း၌ အများပြည်သူ ရုံးပိတ်ရက်များတွင် လေ့လာလည်ပတ်သူများဖြင့် စည်ကား

နေပြည်တော် ၃ ဖေဖော်ဝါရီ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသော ဖိုးကျားဆင် စခန်းသို့ အများပြည်သူ ရုံးပိတ်ရက်များတွင် လေ့လာလည်ပတ်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။

 

ဖိုးကျားဆင်စခန်းသို့ ပြည်ပခရီးသွား ဧည့်သည်များအတွက် ဝင်ကြေး ငွေကျပ် ၁၀ဝ၀ဝ နှင့် ပြည်တွင်းခရီးသွား ဧည့်သည်များအတွက် ဝင်ကြေး ငွေကျပ် ၁၀ဝ၀ သတ်မှတ် ထားကြောင်းသိရှိရပြီး စခန်းအတွင်း ဆင်စီးကာ လည်ပတ်လေ့လာလိုသူ ပြည်ပခရီးသွား ဧည့်သည်များအတွက် ဆင်စီးခ ငွေကျပ် ၁၀ဝ၀ဝ နှင့် ပြည်တွင်းခရီးသွားဧည့်သည်များ အတွက် ဆင်စီးခ ငွေကျပ် ၃၀ဝ၀ သတ်မှတ်ထားကြောင်း သိရသည်။

 

ထို့ပြင် ဖိုးကျားဆင်စခန်းသို့ လာရောက်လေ့လာလည်ပတ်သူများ အထူးအစီအစဉ် အနေဖြင့် စခန်းမှ ဆင်များဖြင့် ဖျော်ဖြေတင်ဆက်သည့် အစီအစဉ်များကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

“လာရောက်လေ့လာတဲ့သူတွေအတွက် အထူးအစီအစဉ်အနေနဲ့ စခန်းက ဆင်တွေက ဖျော်ဖြေတင်ဆက်ပေးနေပါတယ်။ ကျွန်တော်တို့ စခန်းကို အများပြည်သူ အလုပ်ပိတ်ရက် တွေမှာ လာရောက်လေ့လာတဲ့သူ ပိုပြီးများပါတယ်။ ဒီလို လာရောက်လေ့လာကြတဲ့အခါ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် ဆင်တွေနဲ့ သရုပ်ပြဖျော်ဖြေတင်ဆက်ပေးနေပါတယ်။ ပြီးတော့ ဆင်တွေကို အစာကျွေးနိုင်အောင်၊ ရေချ(ရေချိုး)တာကို ကြည့်လို့ရအောင်၊ ကိုယ်တိုင် ပါဝင်ဆောင်ရွက်လိုတဲ့သူတွေ ရှိရင်လဲ ကိုယ်တိုင် ရေချပေးနိုင်အောင် စတဲ့ ဝန်ဆောင်မှုတွေကိုလည်း ကျွန်တော်တို့က ဆောင်ရွက်ပေးနေပါတယ်။ ပြီးတော့ အမှတ်တရ အရောင်းဆိုင်လည်း ရှိပါတယ်။ ကျွန်တော်တို့ စခန်းက သစ်လုံးအိမ်မှာ တည်းခိုပြီးတော့ အေးအေးဆေးဆေး လေ့လာလည်ပတ်လို့လည်း ရပါတယ်။ တည်းခိုခကိုတော့ ၂၅၀ဝ၀ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ တတ်အားသမျှ၊ တတ်နိုင်သမျှ လာရောက်လည်ပတ်သူ တွေ အေးအေးဆေးဆေး လေ့လာလို့ရအောင်၊ စိတ်ချမ်းသာအောင် ဝန်ဆောင်မှုပေးနေပါ တယ်” ဟု မြန်မာ့သစ်လုပ်ငန်း သစ်အုပ် ဦးလင်းအောင်စိုးက ပြောကြားသည်။

 

အဆိုပါဆင်စခန်းသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တည်ရှိပြီး စခန်းအတွင်း အရွယ်ရောက်ပြီး ဆင် ၁၃ ကောင်နှင့် တစ်နှစ်ကျော်အရွယ် ဆင်ကလေး ၁ ကောင် စုစုပေါင်း ဆင် ၁၄ ကောင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရ သည်။

 

ရှင်မင်း၊ ဓာတ်ပုံ-ဟန်နီ