ဖလာမန်ဂိုသို့ ဘိုင်ယန်ကစားသမား ရာဖင်ဟာ ပြောင်းရွှေ့

၁၁  ဇွန်

 

နောက်တန်းကစားသမား ရာဖင်ဟာသည် လက်ရှိကလပ် ဘိုင်ယန်မြူးနစ်အသင်းမှထွက်ခွာကာ ဘရာဇီးကလပ် ဖလာမန်ဂိုအသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

 

အသက် ၃၃ နှစ်အရွယ်ရှိ နောက်တန်းကစားသမား ရာဖင်ဟာသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ရှစ်နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့သည့်လက ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သော်လည်း ရာဖင်ဟာ၏ တရားဝင်စာချုပ်သက်တမ်းမှာ ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

 

နောက်တန်းကစားသမား ရာဖင်ဟာသည် ဥရောပဘောလုံးလောကတွင် ၁၄ နှစ်ကြာဖြတ်သန်းခဲ့ခြင်းကို အဆုံးသတ်ကာ ဖလာမန်ဂိုအသင်းသို့ နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ဖလာမန်ဂိုအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုပြောကြားခဲ့သည်။

 

ရာဖင်ဟာသည် ၂၀၁၁ ခုနှစ်က ဂျီနိုအာအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဂျီနိုအာအသင်းတွင် မကစားမီက ၂၀ဝ၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ရှော်လ်ကေးအသင်းတွင် ငါးနှစ်ကြာ ကစားခဲ့သူလည်းဖြစ်သည်။

 

ရာဖင်ဟာအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ရှစ်နှစ်ကြာ ဖြတ်သန်းခဲ့ရာတွင် ပွဲပေါင်း ၂၆၆ ပွဲပါဝင်ကစားပေးခဲ့ပြီး ဆုဖလားပေါင်း ၁၈ လုံးအထိ ရယူပေးနိုင်ခဲ့သူဖြစ်ကာ ရာဖင်ဟာကစားခဲ့ချိန်သည် ဘိုင်ယန်မြူးနစ်အသင်း၏ အောင်မြင်မှုအရှိဆုံး ဆယ်စုနှစ်လည်း ဖြစ်ခဲ့သည်။

 

ဘိုင်ယန်မြူးနစ်အသင်းသည် နောက်တန်းကစားသမား ရာဖင်ဟာကို အသင်းပြောင်းရွှေ့ခွင့်ပြုခဲ့သည့်အပြင် ပြီးခဲ့သည့်မေလအတွင်းကလည်း တောင်ပံကစားသမားနှစ်ဦးဖြစ်သည့် ရော်ဘင်နှင့် ရီဘာရီတို့ကိုလည်း အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ငွေကြယ်