ဖင်လန်နိုင်ငံဝန်ကြီး ဆန်နာမာရင် ကမ္ဘာအငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမည်

ဟယ်လ်ဆင်ကီ ၁၀  ဒီဇင်ဘာ

ဖင်လန်နိုင်ငံတွင် အမျိုးသမီးဦးဆောင်သည့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းသည့်အတွက် အသက် ၃၄ နှစ်အရွယ် ဆန်နာမာရင်သည် ကမ္ဘာ့အသက်ငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာတော့မည်ဖြစ်သည်။ ဝန်ကြီးချုပ် အန်တီရီနေး နုတ်ထွက်သွားပြီးနောက် သယ်ယူပို့ဆောင်ရေးဝန်ကြီးဖြစ်သည့် ဆန်နာမာရင်ကို ၎င်း၏ပါတီက အကြီးအကဲအဖြစ် တင်မြှောက်ခဲ့သည်။

နိုင်ငံရေးပါတီ ငါးခုပါဝင်သည့် ဗဟိုလက်ဝဲယိမ်း ညွန့်ပေါင်းအစိုးရတွင် ၎င်းက ဦးဆောင်ရမည်ဖြစ်သည်။ စာပို့သမားများ သပိတ်မှောက်တွင် ဝန်ကြီးချုပ် အန်တီရီနေး၏ ကိုင်တွယ်ဖြေရှင်းမှုကို ညွန့်ပေါင်းအဖွဲ့ဝင်များက ယုံကြည်မှုမရှိ ဖြစ်လာခဲ့ပြီးနောက် ၎င်းသည် ရာထူးမှနုတ်ထွက်သွားခဲ့သည်။

မာရင် ရာထူးလက်ခံသည့်အချိန်မှစတင်ကာ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ကြီးချုပ်များထဲတွင် အသက်ငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမည် ဖြစ်သည်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်မှာ အသက် ၃၉ နှစ်ဖြစ်ပြီး ယူကရိန်းဝန်ကြီးချုပ် အိုလက်စီဟွန်နော့်မှာ အသက် ၃၅ နှစ်ဖြစ်သည်။

ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်ဖို့အတွက် ကျွန်မတို့အလုပ်တွေ အများကြီးလုပ်ဖို့လိုတယ်”ဟု မာရင်က ပြောသည်။ မာရင်သည် မဲအရေအတွက် ကွာခြားမှုအနည်းငယ်ဖြင့် အနိုင်ရရှိခဲ့သူလည်းဖြစ်သည်။ ၎င်း၏ အသက်နှင့်စပ်လျဉ်းပြီး မေးခွန်းများမေးရာတွင် “နိုင်ငံရေးလောကထဲ ဝင်လာရတဲ့ အကြောင်းရင်းကတော့ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုကိုရရှိလို့ပဲ ဖြစ်ပါတယ်။ အသက်နဲ့ လိင်ကွဲပြားမှုကို တစ်ခါမှမစဉ်းစားခဲ့ဖူးပါဘူး”ဟု ဖြေကြားခဲ့သည်။

ဘီဘီစီ