ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ဒေါ်လာ ၁၂ ဘီလီယံ သုံးစွဲခွင့် ကမ္ဘာ့ဘဏ် ခွင့်ပြု

၁၄ အောက်တိုဘာ

 

 

ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက်  ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဝယ်ယူရေး၊ ဖြန့်ဖြူးရေးနဲ့ ရောဂါပိုး စမ်းသပ်ခြင်းနဲ့ ကုသရေးတွေမှာ အသုံးပြုရန် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ သုံးမယ်လို့ ကမ္ဘာ့ဘဏ် က အင်္ဂါနေ့မှာ ပြောကြားပါတယ်။

 

 

ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ လူဦးရေ  ၁ ဘီလီယံအတွက် ကာကွယ်ဆေး ရရှိရေးကို ဦးတည်ပြီး အခုလို ထောက်ပံ့တာဖြစ်ကြောင်းနဲ့ အခုခွင့်ပြုလိုက်တဲ့ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံဟာ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၁ ခုနှစ် ဇွန်လအထိ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် ကပ်ရောဂါ တိုက်ဖျက်ရန်အတွက် အသုံးပြုရန် လျာထားတဲ့ အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သိရပါတယ်။

 

 

ကမ္ဘာ့ဘဏ် ဉက္ကဋ္ဌက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ရေး ဆိုရာမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ညီတူညီမျှ ကာကွယ်ဆေးကို အလျင်အမြန် ရရှိရေးအတွက် ရည်ရွယ်ထားကြောင်း၊ ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး ပြန်လည် ဦးမော့လာစေရန် အစွမ်းထက်တဲ့ ကာကွယ်ဆေး ရရှိနိုင်ရေးနဲ့ အဲဒီဆေးကို ဖြန့်ဖြူးရေးအတွက် ဖြစ်တယ်လို့ ပြောပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ     ဈေးကွက်အတွင်း မရောက်လာသေးပေမယ့် ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး ဖြန့်ဖြူးရေးဟာ ရှုပ်ထွေးလွန်းတဲ့အတွက် အခုလို ကြိုတင် ပြင်ဆင်ရတာဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ဉက္ကဋ္ဌက ပြင်သစ်သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

 

 

MDN

ကိုးကား - AFP

a1