ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေခြင်း (စီးပွားရေးစင်္ကြံများ၏ အခန်းကဏ္ဍ)

ဒေါက်တာ မြင့်ဆန်း

 

မဟာဗျူဟာတည်နေရာ
မြန်မာနိုင်ငံသည် ပထဝီအနေအထားအားဖြင့် မဟာဗျူဟာကျသော အခန်းကဏ္ဍတွင် တည်ရှိသည်။ အရှေ့အာရှ၊ အာဆီယံ၊ တောင်အာရှ တိုင်းပြည်များနှင့် ချိတ်ဆက်လျက်ရှိပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် လာအိုနိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတောင်ဘက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် နှင့် အက်ဒမန်ပင်လယ်တို့ တည်ရှိသည်။

မြန်မာနိုင်ငံသည် တောင်၊ မြောက် ကီလိုမီတာ ၂၀၉၀၊ အရှေ့အနောက် ၉၂၅ ကီလိုမီတာနှင့် ကမ်းရိုးတန်းအရှည် ၂၈၃၂ ကီလိုမီတာရှိသည်။ ထိုကဲ့သို့ မဟာဗျူဟာမြောက် တည်ရှိနေသော မြန်မာနိုင်ငံသည် ကမ္ဘာတွင် စီးပွားရေးအရ လျင်မြန်စွာ တိုးတက်နေသည့် အာရှဒေသတွင် တည်ရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ချိတ်ဆက်နိုင်ခြင်း၊ ဒေသတွင်း တိုင်းပြည်များဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် အာဆီယံတို့တွင် ကြီးမားပြီး အလားအလာကောင်းသော ဈေးကွက်များရှိခြင်း ကြောင့် ၎င်းတိုင်းပြည်များနှင့် လမ်းပန်းဆက်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးချိတ်ဆက် နိုင်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းကောင်း များစွာရရှိနိုင်သည်။ အရေးကြီးသောအချက်မှာ ၎င်း စီးပွားရေး အခွင့်အလမ်းများကို လက်တွေ့ မြန်မြန် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးမှုမဟာဗျူဟာ
တိုင်းပြည်စီးပွား ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်ရည်မှန်းချက်သည် “ငြိမ်းချမ်း၍ သာယာဝပြောသော ဒီမိုကရေစီ နိုင်ငံတော်” တည်ဆောက်ရန် ဖြစ်သည်။ ထိုရည်မှန်းချက်အောင်မြင်ရန် စီးပွားရေး တိုးတက်အောင်မြင်မှုသည် လုံလောက်သော အခြေအနေမဟုတ်သော်လည်း လိုအပ်သော အခြေအနေတစ်ရပ် ဖြစ်သည်။ လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်း ကာလများတွင် တိုင်းပြည်တည်ငြိမ်မှု မရှိခြင်း၊ စီးပွားရေး စီမံခန့်ခွဲမှုလွဲမှားခြင်းနှင့် စီးပွားရေးစီမံကိန်း များကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခြင်းစသည့် အားနည်းချက်များကြောင့် အခြားအာရှ တိုင်းပြည် များနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် များစွာခေတ်နောက်ကျခဲ့ကြောင်း တွေ့ရသည်။

မဟာဗျူဟာဆိုသည်မှာ ယှဉ်ပြိုင်မှုတွင် မိမိကမည်ကဲ့သို့ အနိုင်ယူမည်ဆိုသည့် နည်းလမ်းဖြစ်သည်။ စီးပွားရေး မဟာဗျူဟာ သည်လည်း မိမိနိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် အနိုင်ယူဆောင်ရွက်ရမည့် နည်းလမ်းဖြစ်သည်။ မဟာဗျူဟာ ရေးဆွဲရာ တွင် လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေ၊ နိုင်ငံရေးဘောဂဗေဒနှင့် ပထဝီနိုင်ငံရေး အခြေအနေတို့ကို လေ့လာသုံးသပ်ရေး ဆွဲသင့်သည်။ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာရေးဆွဲရာတွင် စီးပွားရေးကဏ္ဍရှုထောင့်မှ ရေးဆွဲခြင်းနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုရှုထောင့်မှ ရေးဆွဲခြင်းတို့ ပါဝင်သည်။

စီးပွားရေးရှုထောင့်မှ စဉ်းစားရာတွင် စိုက်ပျိုးရေး၊ စက်မှုနှင့် ဝန်ဆောင်မှု စီးပွားရေးများအနက် မည်သည့်စီးပွားရေးကို ဦးစားပေး ဆောင်ရွက်မည်ကို စဉ်းစားရန် လိုအပ်သည်။ ဥပမာ- စင်ကာပူနိုင်ငံလို သေးငယ်သော တိုင်းပြည်အနေဖြင့် စိုက်ပျိုး ရေးမလုပ်နိုင်ဘဲ စက်မှုနှင့် ဝန်ဆောင်မှု စီးပွားရေးဖြင့် တိုင်းပြည်တိုးတက်ခဲ့ကြောင်း တွေ့ရသည်။ စီးပွားရေး သမိုင်းနှင့် စီးပွားရေး သီအိုရီများကို လေ့လာကြည့်လျှင် နိုင်ငံအများစုသည် စိုက်ပျိုးရေး အခြေခံမှစတင်ပြီး စက်မှုနှင့် ဝန်ဆောင်မှုသို့ ကူးပြောင်းသွားကြကြောင်း တွေ့ရသည်။ ထိုအခါ တိုင်းပြည် စီးပွားရေးသည်လည်း ကျေးလက်အခြေပြု စီးပွားရေးမှ မြို့ပြ အခြေပြုစီးပွားရေးသို့ ကူးပြောင်းသွားခြင်းကြောင့် စီးပွားရေး အသွင်ကူးပြောင်းခြင်းနှင့်အတူ လူမှုအသွင်ကူးပြောင်း ခြင်းသည်လည်း အတူလိုက်ပါ ပြောင်းလဲသွားကြောင်း တွေ့ရသည်။ ဒုတိယ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာပုံစံမှာ ဒေသဖွံ့ ဖြိုးတိုးတက်မှုကို အခြေခံခြင်း ဖြစ်သည်။

ပေါ်လစီ ချမှတ်ရေးဆွဲသူတို့အနေဖြင့် ဘက်ညီဖွံ့ဖြိုးတိုးတက်မှုကို အလိုရှိသော်လည်း၊ တိုင်းပြည်အများစု၏ ဖွံ့ဖြိုးတိုး တက်မှုသည် အလားအလာရှိသော မြို့ကြီးများ၊ ကမ်းရိုးတန်းဒေသများမှ စတင်ခဲ့ပြီး ၎င်းဒေသများ၏ တိုးတက်မှုသည် လျှံကျ သော အကျိုးသက်ရောက်မှုကြောင့် ပတ်ဝန်းကျင်ဒေသများလည်း ဖွံ့ဖြိုးတိုးတက်လာကြောင်း တွေ့ရသည်။ ပညာရှင်များ ထောက်ပြပြောဆိုမှုများမှာ ဒေသများအကြား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လောဂျစ်စတစ် (ထောက်ပံ့ပို့ဆောင်ရေး)၊ ကုန်သွယ်ရေးနှင့် စီးပွားရေးချိတ်ဆက်မှု ကောင်းမွန်ရေး ဖြစ်သည်။

စီးပွားရေးစင်္ကြံများ၏အခန်းကဏ္ဍ
စီးပွားရေးစင်္ကြံ(သို့) စီးပွားရေးကော်ရစ်တာဆိုသည်မှာ သတ်မှတ်ထားသော ဒေသအတွင်း စီးပွားရေးတိုးတက်မှုအတွက် ပူးပေါင်းချိတ်ဆက်သော မူဘောင်တစ်ခုဖြစ်သည်။ အဆိုပါ အဓိပ္ပာယ်အရ စီးပွားရေးစင်္ကြံတစ်ခုအောင်မြင်ရန် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်မှု ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း (လောဂျစ်စတစ်)နှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေတို့ ပါဝင်သည်။ ထို့အပြင် စီးပွားရေးစင်္ကြံတွင် အဓိကကျသော အစိတ်အပိုင်းများဖြစ်သည့် သယ်ယူ ပို့ဆောင်ရေးစင်္ကြံ၊ စက်မှုကုန်ထုတ်လုပ်မှုနှင့် မြို့ကြီးများ ဖွံ့ဖြိုးတိုးတက်ခြင်းတို့ ပါဝင်သည်။ စီးပွားရေး စင်္ကြံများဟုဆိုရာတွင် မိမိတိုင်းပြည်နှင့် အိမ်နီးချင်းတိုင်းပြည်တွင်းရှိ ဒေသများကို ချိတ်ဆက်ထားသော စီးပွားရေးစင်္ကြံများ ပါဝင်သလို၊ မိမိတိုင်းပြည်နှင့် အိမ်နီးချင်း တိုင်းပြည်များကို ချိတ်ဆက်ထားသော စီးပွားရေးစင်္ကြံများလည်း ပါဝင်သည်။

မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးစင်္ကြံများ
ပထမဆုံး တင်ပြလိုသောအချက်မှာ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးစင်္ကြံများ ဖွံ့ဖြိုးတိုးတက်ရေးပုံစံ ဖြစ်သည်။ ၎င်းတို့မှာ-

(၁)    ရန်ကုန်-မန္တလေး စီးပွားရေးစင်္ကြံ (သို့မဟုတ်) ဝင်ရိုးနှစ်ခု တိုးတက်မှုပုံစံ ဖြစ်သည်။ ၎င်းဖွံ့ ဖြိုးမှုပုံစံကို တင်ပြခဲ့သူမှာ ဂျပန်ပါမောက္ခ Toshihiro Kudo  ဖြစ်သည်။ ၂၀၁၇-၂၀၁၈ စာရင်းများအရ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေတွင် ရန်ကုန် တိုင်းဒေသကြီးသည် ၁၄ ဒသမ ၈၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသည် ၁၁ ဒသမ ၉၇ ရာခိုင်နှုန်း ပါဝင်ခြင်းကြောင့် ရန်ကုန်၊ မန္တလေး စုစုပေါင်းသည် ၂၆ ဒသမ ၈၃ ရာခိုင်နှုန်းရှိသည်။ စီးပွားရေးအရ ကြည့်လျှင်လည်း စုစုပေါင်း တိုင်းပြည်ထုတ်ကုန် (GDP) တွင် ရန်ကုန်တိုင်းဒေသကြီး ၂၄ ဒသမ ၉၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီး ၁၁ ဒသမ ၄ ရာခိုင်နှုန်း ရှိခြင်းကြောင့် ရန်ကုန်၊ မန္တလေး စုစုပေါင်းသည် ၃၆ ဒသမ ၃၂ ရာခိုင်နှုန်းရှိသည်။ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်လျှင်လည်း ရန်ကုန်၊ မန္တလေးတို့တွင် အများဆုံးဖြစ်ကြောင်း တွေ့ရသည်။

ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းအများစုသည်လည်း ၎င်းဒေသများတွင် တည်ရှိသည်။ ရန်ကုန်-မန္တလေး စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ၎င်းတို့နှင့် နီးစပ်သောဒေသများပါ ဖွံ့ဖြိုးတိုးတက်လာနိုင်သည်။ ထို့အပြင် ရန်ကုန်တိုင်းတွင် သီလဝါ အထူးစီးပွားရေးဇုန်နှင့် အခြားစက်မှုဇုန်များ တည်ရှိခြင်း၊ မန္တလေးတိုင်းတွင် မြို့သာစက်မှုဇုန်နှင့် အခြား စီးပွားရေးဇုန်များ တည်ရှိခြင်း၊ နိုင်ငံတကာလေဆိပ်နှင့် ဆိပ်ကမ်းတည်ရှိခြင်းကြောင့် အခြားဒေသများထက် ဖွံ့ဖြိုး တိုးတက်မှုအလားအလာ ပိုကောင်းကြောင်း တွေ့ရသည်။ စီးပွားရေးသီအိုရီတွင် ‘အကြီးဆုံးကို စတင်တွန်းခြင်း’ ဆိုသည့် သီအိုရီရှိသည်။ ဖြစ်နိုင်ခြေအရှိဆုံး၊ အင်အားအရှိဆုံးဒေသကို ရွေးချယ်၍ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။

(၂)    ဒုတိယတင်ပြသောပုံစံမှာ အထူးစီးပွားရေးဇုန်များ (Special Economic Zones – SEZs)  ဖွံ့ဖြိုးမှုပုံစံ ဖြစ်သည်။ အထူးစီးပွားရေးဇုန်များ ဖော်ဆောင်ရခြင်း ရည်မှန်းချက်မှာ တိုင်းပြည်စီးပွားရေး တိုးတက်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန်၊ ပို့ကုန်မြှင့်တင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်နှင့် ဒေသစီးပွားရေး ဖွံ့ ဖြိုးတိုးတက်စေရန်တို့ ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ တိုင်းပြည်များအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံ အဆောက်အအုံများ အားနည်းခြင်းကြောင့် အထူးစီးပွားရေးဇုန်များကို ဖော်ဆောင်ရခြင်း ဖြစ်သည်။ ထိုကဲ့သို့ဖော်ဆောင်ရာတွင် နေရာဒေသ ရွေးချယ်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် အခြားအခွန်အကောက် မက်လုံးများပေးရန် လိုအပ်သည်။ အကြောင်းမှာ ပတ်ဝန်းကျင်နိုင်ငံများက အခြေခံအဆောက်အအုံ အပြည့်အစုံအပြင် အခွန်အကောက်မက်လုံးများဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို အပြိုင်အဆိုင် ဆွဲဆောင်နေခြင်းကြောင့် ဖြစ်သည်။ မိမိတိုင်းပြည်၏ အားသာချက်၊ အားနည်းချက်များကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံခြားလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိမည့် စီးပွားရေးပတ်ဝန်းကျင် ဖန်တီးပေးမှသာ ရည်မှန်းချက် များ အောင်မြင်မည် ဖြစ်သည်။

(၃) တတိယဖွံ့ ဖြိုးတိုးတက်မှုပုံစံမှာ မြန်မာနိုင်ငံအိုးအိမ်ဦးစီးဌာနက ရေးဆွဲထားသော မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ဒေသဖွံ့ဖြိုးတိုးတက်မှု ပုံစံဖြစ်သည်။ ၎င်းပုံစံတွင် ဖွံ့ဖြိုးမှုစင်တာများကို အဆင့်(၃)ဆင့်ခွဲထားပြီး၊ ပထမအဆင့်တွင် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှု စင်တာများအဖြစ် ရန်ကုန်၊ မန္တလေးနှင့် အထူးစီးပွားရေးဇုန် သုံးခုဖြစ်သော သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူတို့ ပါဝင်သည်။ ဒုတိယ အဆင့်ဖြစ်သော ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုစင်တာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ အဓိကကျသော မြို့ ကြီးများဖြစ်သည့် စစ်တွေ၊ ပုသိမ်၊ ပဲခူး၊ မော်လမြိုင်၊ ထားဝယ်၊ မုံရွာ၊ မြစ်ကြီးနားဒေသများ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ တတိယအဆင့်ဖြစ်သော အထူးလုပ်ဆောင်ချက်ဖွံ့ ဖြိုးမှုစင်တာဖြစ်ပြီး၊ ၎င်းစင်တာတွင် ဖွံ့ဖြိုးရေးဇုန် သုံးမျိုး ပါဝင်သည်။

ပထမဇုန်မှာ နယ်စပ်ဒေသကုန်သွယ်ရေးနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဇုန် ဖြစ်သည်။ ၎င်းဇုန်တွင် မြဝတီ၊ တာချီလိတ်၊ မူဆယ်၊ တမူးနှင့် မောင်တောဒေသများ ပါဝင်သည်။ ယခုအခါ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ကို အကောင်အထည်ဖော်နေခြင်းကြောင့် မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီး ဒေသတို့သည် အရေးပါလာမည့် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးဇုန်များ ဖြစ်လာ မည်ဖြစ်သည်။ ဒုတိယဇုန်အမျိုးအစားမှာ ခရီးသွားနှင့် ဝန်ဆောင်မှု အခြေပြုဇုန်ဖြစ်ပြီး ၎င်းဇုန်တွင် ပုဂံ၊ အင်းလေးနှင့် ကမ်းရိုးတန်းဒေသများ ပါဝင်မည်ဖြစ်သည်။

ယခုအခါ ပုဂံဒေသသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခြင်းနှင့် နိုင်ငံတော်အစိုးရမှ ခရီးသွားမြှင့်တင်ခြင်း အနေဖြင့် အာရှဒေသနှင့် ဥရောပဒေသများကို ဗီဇာကင်းလွတ်ခွင့်ပြုခြင်း၊ ဗီဇာဖြေလျှော့ခြင်းများကြောင့် ခရီးသွားများ တိုးတက်လာမည့် အခြေအနေ ဖြစ်ပါသည်။ တတိယဇုန် အမျိုးအစားမှာ သယံဇာတ အခြေပြုစက်မှုဇုန်ဖြစ်ပြီး ရေသယံဇာတ၊ သတ္တုနှင့် စိုက်ပျိုးရေးအခြေပြု စက်မှုဇုန်များ ပါဝင်သည်။ မြန်မာနိုင်ငံတွင် ရေလုပ်ငန်း၊ ရော်ဘာလုပ်ငန်း၊ သတ္တုနှင့် အခြား စိုက်ပျိုးရေး ထုတ်ကုန်များကို ကုန်ကြမ်းရောင်းအဆင့်မှ ထပ်ဆင့်တိုးတန်ဖိုး ဖန်တီးထုတ်လုပ်ခြင်း၊ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းတို့ဖြင့် အလုပ်အကိုင် အခွင့်အလမ်းအပြင် ဝင်ငွေလည်း တိုးတက်မြင့်မားလာမည် ဖြစ်သည်။

အထက်ဖော်ပြပါ စီးပွားရေးပုံစံများအနက်မှ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးနှင့် ဖြစ်နိုင်ခြေ အရှိဆုံးပုံစံကို ရွေးချယ် အကောင်အထည်ဖော် ဆောင်ရွက်ပါက မြန်မာ့စီးပွားရေးသည် မှန်ကန်သောလမ်းကြောင်းဖြင့် တိုးတက်လာနိုင်ပါကြောင်း တင်ပြအပ်ပါသည်။   ။

(တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့နှင့် စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကို သတင်းစာ၏ မူဝါဒအရ ဖော်ပြပေးနိုင်မည် မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှတို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာ ဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။) စာတည်းအဖွဲ့