ဖွံ့ဖြိုးတိုးတက်ရေး စာပေမှ ဆောင်ကြဉ်း

၁၄ ဒီဇင်ဘာ

မြန်မာမှုနယ်ပယ်၌ ဤရာသီကား နတ်တော်ရာသီ၊ ဤလမှာ စာဆိုတော်လဖြစ်သည်ဟု သတ်မှတ်ထားသည်။ စာဆိုတော်လဖြစ်သည်နှင့်အညီ နတ်တော်လအတွင်း စာဆိုတော်များ ပူဇော်ကန်တော့ပွဲ၊ စာပေဆုပေးပွဲ၊ စာပေဆွေးနွေးပွဲ၊ စာပေပွဲတော်များ ဆင်ယင်ကျင်းပကာ စာပေ၏ဂုဏ်၊စာပေ၏အကျိုးကျေးဇူးတို့ကို ဖော်ထုတ်အသိအမှတ်ပြုကြသည်။

 

စာပေ အနုပညာသည် လူသားမျိုးနွယ်တစ်ခု၏ အဆင့်အတန်းကိုဖော်ပြသော မှတ်ကျောက်တစ်ခုဖြစ်သည်။ လူ့ဘောင်လောကတိုးတက်ရေးကို ဆောင်ရွက်ရာတွင် လူသားအကျိုးပြု စာအုပ်စာပေကို အားကိုးအား ထားပြုရသည်။ စာပေသည် လူ၏စိတ်ဓာတ်နှင့် အများဆုံးဆက်စပ်နေသည်သာမက တိုင်းပြည်ပြုပြင် ရေးတွင်လည်း များစွာအရေးပါအရာရောက်သည်မှာ ထင်ရှားသည်။

 

စာပေ၊ ရုပ်ရှင်၊ ဂီတ စတဲ့ အနုပညာရပ်များဟာ လူသားများနှစ်သက်မြတ်နိုးကြတာနဲ့အမျှ လူ့အဖွဲ့အစည်း အပေါ်မှာလည်း လွှမ်းမိုးသက်ရောက်မှု ကြီးမားကြပါတယ်။ အထူးသဖြင့် စာပေဟာ လူတို့ရဲ့စိတ်နှလုံးကို ပြုပြင်ပြောင်းလဲစေနိုင်သလို လူအများကို အသိပညာဗဟုသုတနဲ့ Óဏ်အမြော်အမြင်များ တိုးပွားအောင်လည်း ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်မို့လို့ တိုင်းပြည်တစ်ပြည်ရဲ့ စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဟာ အဲဒီတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြီးမားစွာအထောက်အကူပြုနိုင်တယ်လို့ ယုံကြည်ခြင်းဖြစ်ပါတယ်” စာပေညီလာခံ(၂၀၁၇)သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့သည့် သဝဏ်လွှာတွင် စာပေ၏ အကျိုးကျေးဇူး အား ညွှန်းဆိုပြထားသည်ကို တွေ့ရသည်။

 

ထိုသို့အကျိုးကြီးမားသော စာပေကို စာဆိုရာသီ၊ စာဆိုတော်လတွင်အလေးအမြတ်ပြု၍ စာပေညီလာခံ ကျင်းပခြင်းမှာ အထူးကောင်းမွန်ပေသည်။ ရုပ်ရှင်ဟုဆိုလျှင် ရုပ်ရှင်သရုပ်ဆောင်ကိုသာ အဓိကမြင်ကြသကဲ့သို့ စာပေဟုဆိုလျှင် စာဆိုများကိုသာ အဓိကသိမှတ်ကြသည်။အမှန်တကယ်တွင် စာပေလောကတစ်ခုလုံးအတွက် စာရေးဆရာ၊ကဗျာဆရာ၊ ဘာသာပြန်ဆရာ၊ အယ်ဒီတာ၊ စာပေပညာရှင်၊ ထုတ်ဝေသူ၊ဖြန့်ချိသူနှင့် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်တို့လည်း ပါဝင်သည်။

 

ယနေ့ကျင်းပပြုလုပ်သော စာပေညီလာခံ(၂၀၁၇)တွင် စာပေလောကမှ စာပေအဖွဲ့အစည်း ၁၁ ဖွဲ့က ဦးဆောင်ကျင်းပသဖြင့်သိုက်သိုက်ဝန်းဝန်းနှင့် ပြီးပြည့်စုံသည့် မြန်မာစာပေအမြုတေဟုပင်ဆိုချင်သည်။ လောကအဖွဲ့အစည်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာ၌ ဆိုင်ရာအဖွဲ့အစည်းအားလုံး မြွကင်းမကျန် ပါဝင်ဆောင်ရွက်ကြခြင်းသည် ညီညွတ်ခြင်းပင်ဖြစ်သည်။

 

ညီညွတ်ခြင်းသည်အောင်မြင်မှု၏ ရှေ့ဆောင်လမ်းပြ ဖြစ်သည်။စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးစွာအထောက်အကူပြုနိုင်သည်ဟု အဆိုရှိသကဲ့သို့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်နေချိန်တွင် နိုင်ငံသူ နိုင်ငံသားများ စိတ်ဓာတ်နှင့်အသိပညာဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စာကောင်းပေမွန်များ ရေးသားပြုစုကြသည့် စာပေပညာရှင်များနှင့် စာအုပ်စာပေများ ထွန်းကားရေးသည်အထူးအရေးကြီးသောကဏ္ဍတွင် ရှိနေသည်။

ယခုကျင်းပသည့် စာပေညီလာခံကြီးသည် ယခင်နှင့်မတူ ထူးခြားလေးနက်မှုအသွင်ဆောင်နေသည်။ ညီလာခံကြီးတွင် စာပေလောကသားအားလုံး တက်ညီလက်ညီဆောင်ရွက်ကြပြီး နိုင်ငံတစ်ဝန်းမှ စာပေပညာရှင် တစ်ထောင်ကျော် တက်ရောက်၍ စာပေခေါင်းစဉ် ၅၀ ကျော်ဖြင့်ကဏ္ဍစုံလင်အောင် ဆွေးနွေးကြခြင်းဖြစ်ရာ စာပေလောကဖွံ့ဖြိုးရေးနှင့်နိုင်ငံတိုးတက်ရေးအတွက် အထောက်အပံ့ ကောင်းတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သည်။

 

လိုရင်းမှာ ဤရာသီ စာဆိုတော်လ၌ စာပေလောကသားများသိုက်သိုက်ဝန်းဝန်းဖြင့် မြန်မာစာပေ မြင့်မားတိုးတက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေး အထောက်အပံ့ကောင်းဖြစ်စေရေးအတွက် တစ်နှစ်ထက်တစ်နှစ်ညီညီညွတ်ညွတ် တိုးတက်ကြိုးပမ်းအားထုတ်နိုင်ကြပါစေဟု ဆန္ဒပြုပါသည်။ ထိုဆန္ဒနှင့်အညီ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံသူနိုင်ငံသားများ စိတ်ဓာတ်မြင့်မားတိုးတက်ရေးအတွက် အမှန်တကယ်ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။