ဖယ်ခုံမြို့ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းတွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း ဖွင့်

ဖယ်ခုံ  ၃၀ ဇူလိုင် 


ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ပြန်လည်ထူထောင်ရေးဦးစီးဌာန မူးယစ်ဆေးဖြတ်ပြီးသူ များပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပပြုလုပ်သည့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် ၂/၂၀၁၉ ဖွင့်ပွဲကို ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ဖယ်ခုံပြန်လည်ထူထောင်ရေးစခန်း သင်တန်းခန်းမတွင် ကျင်းပသည်။


အဆိုပါ သင်တန်းတွင် ဖယ်ခုံမြို့နယ်အတွင်းမှ စေတနာ့ဝန်ထမ်းသင်တန်းသား ၃၀ တက်ရောက်ပြီး သင်တန်း ကာလ ၅ ရက် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းသားများအနေဖြင့် ပြန်လည်ထူထောင်ရေး စခန်းနှင့် မိမိဒေသပတ်ဝန်းကျင်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် မူးယစ်ဆေး သုံးစွဲသူများအား စည်းရုံးဖော်ထုတ်ပြီး ဆေးဖြတ်ကုသမှုခံယူနိုင်ရေး စသည့်လုပ်ငန်းများတွင် ပါဝင်ကူညီနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


“ခုလိုဖယ်ခုံဒေသမှာ မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်ရေးစခန်းပြန်ဖွင့်တာ ကောင်းပါတယ်။ ခုခေတ် လူငယ်တွေက မူးယစ်ဆေးဝါးနဲ့ သိပ်မကင်းကြတဲ့အတွက် ဒီပြန်လည်ထူထောင်ရေးစခန်းကို တစိုက်မတ်မတ် ပြန်လည် ဖွင့်လှစ်နိုင်မယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ လူငယ်တွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့နည်းသွားမယ် ” လို့ ဒေသခံတိုင်ရင်းသားဖြစ်သော ရွှေပြည်အေးခြံ ဦးစီးမှူး ဦးနိုးရယ်က ပြောကြားသည်။

                                                                              
ကိုထွေး(ဖယ်ခုံ)