ပဲရစ် မေ ၃၁
ပြင်သစ်ရဲတပ်ဖွဲ့သည် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပြင်သစ်ကိုယ်စားပြု ပဲရစ်စိန့် ဂျာမိန်း(ပီအက်စ်ဂျီ)က အင်္ဂလန်ကိုယ်စားပြု အာဆင်နယ်ကို အနိုင်ရပြီးနောက် အောင်ပွဲခံမှုများအတွင်း လူပေါင်း ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် မေ ၃၀ ရက် ညပိုင်းက ကျင်းပခဲ့သည်။ ယင်းဗိုလ်လုပွဲတွင် ပီအက်စ်ဂျီက အာဆင်နယ်ကို ပယ်နယ်တီအဆုံးအဖြတ်၌ လေးဂိုး - သုံးဂိုးဖြင့် နိုင်ပွဲရရှိပြီးနောက် ပြင်သစ်နိုင်ငံ၏မြို့တော် ပဲရစ်တွင် လူပေါင်းသောင်းနှင့်ချီ ခြိမ့်ခြိမ့်သဲအောင်ပွဲခံခဲ့ကြကြောင်း သိရသည်။
မေ ၃၀ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲက ရှောင်ဇေလီဇေလမ်းပေါ်တွင် လူပေါင်း ၂၀၀၀၀ ကျော် အောင်ပွဲခံခဲ့ကြပြီး ရဲတပ်ဖွဲ့က လူထုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ခဲ့ကြရကြောင်း ပြင်သစ်နေ့စဉ်ထုတ်သတင်းစာ လမွန်းက ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ အဆိုပါလမ်းအနီး အရောင်းဆိုင်ငယ်တစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ယာဉ်ခြောက်စီးထက်မနည်း ပျက်စီးမှုဖြစ်ပွားကြောင်းနှင့် နောက်ပိုင်းတွင် မီးကိုငြှိမ်းသတ်နိုင်ခဲ့ကြောင်း နေ့စဉ်ထုတ်သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။
ဆင်ဟွာ


