ပီအက်စ်ဂျီအသင်းနဲ့ အာဆင်နယ်အသင်းတို့ မေ ၃၀ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အာဆင်နယ်အသင်းက ပထမပိုင်းပွဲကစားချိန် ခြောက်မိနစ်မှာ ကိုင်ဟာဗက်ဇ်ရဲ့ သွင်းဂိုးဖြင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ဒုတိယပိုင်းပွဲကစားချိန် ၆၅ မိနစ်မှာ ဒမ်ဘီလီရဲ့ ပင်နယ်တီသွင်းဂိုးရရှိခဲ့လို့ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
အဲဒါကြောင့် အချိန်ပိုကစားခဲ့ရာ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ပီအက်စ်ဂျီအသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလားကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိအာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဖလားကို နှစ်ရာသီဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက နှစ်ပေါင်း ၂၂ နှစ်အတွင်း ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးထားတဲ့ နည်းပြအာတီတာရဲ့ အာဆင်နယ်အသင်းကတော့ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်မယ့်အခွင့်အရေးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။
ဒါ့ပြင် အာဆင်နယ်အသင်းဟာ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ်တက်လှမ်းခဲ့ရာမှာ နှစ်ကြိမ်စလုံးရှုံးပွဲ ကြုံခဲ့ရတဲ့ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ငွေကြယ်


