ပီအက်စ်ဂျီအသင်းက ဒိုင်ဘာလာကို ပေါင် ၇၅ သန်းနဲ့ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းနဲ့ ဆွေးနွေးမှုများပြုလုပ်လျက်ရှိ

၂၀  သြဂုတ်

ပီအက်စ်ဂျီအသင်းဟာ ဂျူဗင်တပ်အသင်းမှ အာဂျင်တီးနားကစားသမား ဒိုင်ဘာလာကို ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိပြီး ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ပြင်သစ်မြေအရောက် ခေါ်ယူရေး ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒိုင်ဘာလာရဲ့အေးဂျင့်ဖြစ်သူကလည်း ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းက ဒိုင်ဘာလာကို ဩဂုတ် ၂၁ ရက်မှာ စာချုပ်ချုပ်ဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကလည်း ဒိုင်ဘာလာကို ရောင်းချပြီး ဥရောပအပြောင်းအရွှေ့ ဈေးကွက်မပိတ်မီ အင်တာမီလန်အသင်းတိုက်စစ်မှူး အိုင်ကာဒီကို ခေါ်ယူဖို့ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒိုင်ဘာလာဟာ အခုအပြောင်းအရွှေ့အတွင်း ပရီမီယာလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ကို ပြောင်းရွှေ့ဖို့စီစဉ်ခဲ့ပေမယ့် အပြောင်းအရွှေ့ကိစ္စ မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရင်းနက်စ်အသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အပြောင်းအရွှေ့မပိတ်မီကာလအတွင်း မျက်နှာသစ်ကစားသမားတစ်ဦး ခေါ်ယူဖို့လည်း စီစဉ်ထားတယ်လို့ဆိုပါတယ်။

ငွေကြယ်