ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ

၁  ဇန်နဝါရီ

မျက်စိအဆုံး နားအရှုံးလို့ ဆိုသလိုပဲ မျက်လုံးလေးတွေ ပျက်စီးသွားရင် ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။ မနက်မိုးလင်းကစလို့ မိုးချုပ်တဲ့အထိ မျက်တောင်လေး တဖျတ်ဖျတ်ခတ်လေး မရပ်မနား အလုပ်လုပ်နေရတဲ့အထဲမှာ မျက်လုံးလေးလည်း ပါပါတယ်။ ကျွန်တော်တွေ ဒီလောက် မရပ်မနားသုံးနေပေမယ့် ဒီမျက်လုံးလေးကို ဂရုစိုက်ဖို့တော့ အားနည်းတတ်ကြပါတယ်။ နောက်ဆုံး မျက်လုံးက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့မှ အမြင်တွေ ပျက်စီးမှပဲ ထန်ဖိုးထားရကောင်းမှန်း သိပါတော့တယ်။

 

ဒီလိုမဖြစ်အောင် နေ့စဉ်ဘဝတည်းမှာ တတ်နိုင်သလောက်လေးစပြီး ဂရုစိုက်သွားပေးကြရရင် ပိုမကောင်းဘူးလား။

 

သင့်မျက်စိကို ဂရုမစိုက်ရင် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ သိပါသလား။

 

မျက်စိကို ဂရုစိုက်ချင်လာအောင် အရင်ဆုံး မျက်လုံးပြဿနာရဲ့ ကြောက်စရာကောင်းပုံတွေကို နည်းနည်း ပြောပြပေးပါမယ်။

ရေတိမ်မှာ ဘာလက္ခဏာမှ မပြလိုက်ခင်မှာပဲ အမြင်အာရုံဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။

 

ဆီးချိုသမားတွေဆိုရင်လည်း အမြင်တွေ ဝါးလာတာကို သတိမထားမိချင်မှ ထားမိမှာပါ။ အတွင်းထဲမှာတော့ မျက်လုံးက တဖြည်းဖြည်း ပျက်စီးပြီး မျက်စိကွယ်တဲ့ လမ်းကြောင်းကို ဦးတည်နေပါပြီ။

 

Age related macular degeneration (AMD)လို့ ခေါ်တဲ့ အသက်ကြီးလာလို့ macular တစ်ရှူးပျက်စီးတဲ့ ရောဂါတွေ ဆိုရင်လည်း ရုတ်တရက် အမြင်ကွယ်တာ၊ အရောင်တွေ၊ အသေးစိတ်တွေ မမြင်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ လက္ခဏာတွေက ရုတ်တရက် ဖြစ်လာပေမယ့် အထဲမှာ ပျက်စီးနေတာက ကြာခဲ့ပါပြီ။ စစ်တာဆေးတာ မလုပ်မိခဲ့လို့သာ မသိခဲ့တာပါ။

 

မျက်စိကွယ်ရတဲ့ အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် တော်တော်များများက ကာကွယ်လို့ ရနေတာကို သိရပါတယ်။ နေ့စဉ်ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ ပုံမှန်ဆေးစစ်ဖို့ပဲ လိုတာပါ။

 

မျက်စိလေးကို ဂရုစိုက်ဖို့ ဘာတွေ လုပ်ကြမလဲ။

မျက်လုံး အာဟာရဖြည့်ပေးပါ။

မျက်လုံးကို အားရှိစေမယ့် အဝါရောင်၊ အစိမ်းရောင် အသီးအရွက်တွေ၊ အိုမီဂါ 3 ဖက်တီးအက်စစ်တွေ ပါဝင်အောင် စားပေးပါ။ ဗီတာမင် အေကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ အသည်း)ကိုလည်း စားဖို့ မမေ့ပါနဲ့။

 

ကိုယ်အလေးချိန်ထိန်းပါ။

ကိုယ်အလေးချိန်နဲ့ မျက်လုံး ပြဿနာက တိုက်ရိုက်တော့ မသက်ဆိုင်ပေမယ့် အဝလွန်လာရင် ဆီးချို၊ သွေးတိုး ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မျက်စိသွေးကြောတွေ ထိခိုက်ပြီး အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။

 

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

ဒါလည်း ခုနလိုပါပဲ။ တိုက်ရိုက်တော့ မသက်ဆိုင်ပေမယ့် ပုံမှန်လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ဆီးချို၊ သွေးတိုး ရှိပြီးသား လူမှာတောင် ရောဂါကို ထိန်းထားနိုင်လို့ မျက်စိမထိခိုက်အောင် ကာကွယ်နိုင်ပါတယ်။

 

နေကာမျက်မှန်တပ်ပါ။

မျက်လုံးအတွက်တော့ နေကာမျက်မှန်က အလှပစ္စည်း မဟုတ်ပါဘူး။ ကျန်းမာရေးအရ လိုကိုလိုအပ်တဲ့ အရာပါ။ နေရာင်ခြည်ကြောင့် အတွင်းတိမ်နဲ့ AMDလို့ ခေါ်တဲ့ အသက်ကြီးလာလို့ macular တစ်ရှူးပျက်စီးတဲ့ ရောဂါတွေ မြန်မြန်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် UV-A နဲ့ UV-B ကို ၉၉ ကနေ ၁၀၀ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်ကို တပ်ပါ။

 

မျက်စိအကာအကွယ်ဝတ်ပါ။

လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ်၊ အားကစား လုပ်ရင်ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ရေကူးရင်ပဲ ဖြစ်ဖြစ် မျက်လုံးကို မထိခိုက်အောင် အကာအကွယ်ဝတ်ဆင်ပါ။ မျက်လုံးကို ထိခိုက်နိုင်တဲ့ အလုပ်လုပ်တိုင်း အကာအကွယ်ဝတ်ဖို့ မမေ့ပါနဲ့။ မတော်တဆ ထိခိုက်ဒဏ်ရာကြောင့်လည်း အမြင်အာရုံဆုံးရှုံးတတ်ပါတယ်။

 

ဆေးလိပ်မသောက်ပါနဲ့။

ဆေးလိပ်သောက်တာက အသက်ကြီးလာလို့ ဖြစ်တတ်တဲ့ AMDလို့ ခေါ်တဲ့ macular တစ်ရှူးပျက်စီးတဲ့ ရောဂါနဲ့  အတွင်းတိမ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်စေနိုင်ပါတယ်။ မျက်လုံးအာရုံကြောကိုလည်း ထိခိုက်စေပါတယ်။

 

မိသားစုထဲက မျိုးရိုးလိုက်ရောဂါတွေကို သိအောင် လုပ်ထားပါ။

မိသားစုထဲမှာ မျက်စိနဲ့ ပတ်သက်တဲ့ မျိုးရိုးလိုက်ရောဂါတွေ ဖြစ်ဖူးတယ်ဆိုရင် ကိုယ်လည်း ဖြစ်နိုင်ခြေရှိတဲ့အတွက် ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒါမှ စောစောစီးစီး ရောဂါတွေ့ပြီး ဆေးကုသမှု ခံယူနိုင်မှာပါ။

 

မျက်မှန်၊ မျက်ကပ်မှန်တပ်မယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်နဲ့ ပါဝါကိုက်တဲ့ မျက်မှန်၊ မျက်ကပ်မှန်ကို မတပ်ဘူးဆိုရင် ကောင်းကောင်းမြင်ရမှာ မဟုတ်တဲ့အပြင် ဇက်ကြောတက်တာ၊ မျက်ရိုးကိုက်တာ၊ ခေါင်းကိုက်တာ၊ မျက်ရည်ပူကျတာ စတဲ့ဝေဒနာတွေပါ ခံစားရမှာပါ။ မျက်မှန်၊ မျက်ကပ်မှန်တပ်ဖို့ လိုအပ်တဲ့အခါ တပ်လိုက်ပါ။ ဒီခေတ်မျာ လှတပတ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေ အများကြီး ရှိနေပါပြီ၊

 

မတပ်ချင်ရင် လေဆာပစ်ပြီး  ပါဝါဖျောက်လို့ ရမရ တိုင်ပင်ပါ။ မျက်ကပ်မှန်တပ်တဲ့အခါမှာလည်း ပိုးဝင်တာ မဖြစ်အောင် ဂရုစိုက်ရပါမယ်။

 

မျက်လုံးကို အနားပေးပါ။

တီဗွီတို့၊ ဖုန်းတို့၊ ကွန်ပျူတာတို့ ကြည့်တဲ့အခါ ဆက်တိုက်မကြည့်ဘဲနဲ့ မကြာမကြာ အနားပေးပါ။ ဒါတွေ ကြည့်နေရင် မျက်တောင်ခတ်ဖို့တောင် မေ့နေတတ်လို့ မျက်လုံး အညောင်းမိနိုင်ပါတယ်။  ၂၀-၂၀-၂၀ စည်းမျဉ်းကို လိုက်နာပါ။ Screenတွေကို မိနစ်၂၀ကြာကြည့်ပြီးတိုင်း ခပ်ဝေးဝေး ပေ၂၀ အကွာကို စက္ကန့် ၂၀ ကြည့်ပေးပါ။

 

မျက်လုံး ပုံမှန်စစ်ဆေးပါ။

အပေါ်ကအချက်တွေ အားလုံးကို လိုက်နာပေမယ့် ဒီနေရာရောက်ရင် တွန့်သွားတတ်ပါတယ်။ ဆေးရုံဆေးခန်း သွားရမှာကိုး။ ဒါပေမယ့် ကိုယ့်မျက်လုံးအကြောင်းကို ကိုယ့်ထက်သိတာ မျက်စီဆရာဝန်တွေပါ။ ကိုယ်က ကောင်းကောင်း မြင်နေရလို့ ပြဿနာ မရှိဘူး ထင်ရပေမယ့် အထဲမှာ ဖြစ်နေသမျှကို သူတို့က ကြည့်ပေးနိုင်ပါတယ်။

 

ဘယ်အသက်အရွယ်မှာ မျက်လုံးစစမ်းရမလဲဆိုတာ အတိအကျသတ်မှတ်မထားပါဘူး။ ပုံမှန်အားဖြင့်တော့ အသက် ၄၀လောက်ဆို သဘာဝအရကို မျက်စိမှုန်လာတတ်တာကြောင့် မျက်မှန်လုပ်ရင်း စမ်းမိတတ်ကြပါတယ်။ ဒါပေမယ့် တခြားအကြောင်းအရာတွေကို ထည့်စဉ်းစားရပါဦးမယ်။

 

ဥပမာ ဆီးချိုရှိတယ်ဆို အသက် ၄၀မရောက်သေးလည်း တစ်နှစ် တစ်ခါ မျက်စိစမ်းရမှာပါ။ မျိုးရိုးလိုက် ရောဂါရှိတဲ့သူဆိုရင် စောစော စမ်းထားရမှာပါ။ လေ့လာချက်တွေအရ ဆီးချိုရောဂါရှိသူတွေက ပုံမှန်သာ မျက်လုံးစမ်းမယ်ဆိုရင် ၉၀ ရာခိုင်နှုန်းက မျက်လုံးပြဿနာဖြစ်တာ နှေးသွားပါမယ်တဲ့။ ဒါမှမဟုတ် စောစောသိပြီး ကုနိုင်လို့ အခြေအနေမတိုးတော့ပါဘူးတဲ့။ ဒါပေမယ့် လက်တွေ့မှာ ၅၀ ရာခိုင်နှုန်းနဲ့အထက်က ဒါကို မလုပ်ကြတဲ့အတွက် မျက်စိပြဿနာတွေဖြစ်ပြီး နောက်ကျမှ ကုသမှု ခံယူကြရပါတယ်။

 

ဒါကြောင့် အသက်အရွယ်တစ်ခုရောက်လာရင် မျက်စိဆိုတာ စစ်ကို စစ်ဖို့ လိုတဲ့အရာပါ။ ဘာလက္ခဏာမှ မခံစားရဘူး ဆိုရင်တောင်ပေါ့။

 

Takeaways

မျက်စိအဆုံးလို့ ဘာကြောင့် ပြောရသလဲ။ အမြင်ကွယ်သွားမယ်ဆိုရင် ထိခိုက်ဒဏ်ရပြီး သေဆုံးနိုင်ခြေက အလိုလို မြင့်တာပါတယ်။ တဖြည်းဖြည်းနဲ့ အမြင်တွေ ဝါးလာတာကလည်း တခြားနာတာရှည်ရောဂါတွေလိုပဲ လူကို ထိခိုက်စေပါတယ်။ ဒါ့ပြင် မျက်လုံးမမြင်ရတာက ရုပ်ပိုင်းဆိုင်ရာသာမကဘဲ စိတ်ဓာတ်ကျတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးကို ဂရုစိုက်ဖို့ဆိုတာ လိုကို လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

 ရေးသားသူ Dr. Htet Htet Zaw Win

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်