ပီရူးနိုင်ငံမှာ တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး စမ်းသပ်နေခြင်း ရပ်ဆိုင်းထား

၁၂ ဒီဇင်ဘာ

ပီရူးနိုင်ငံမှာ တရုတ်ဆေးကုမ္ပဏီ Sinopharm မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ် ဆေး စမ်းသပ်ခံနေသူတစ်ဦးမှာ အာရုံကြောဆိုင်ရာ ပြဿနာဖြစ်လာတဲ့အတွက် ဆေးစမ်းသပ်ခြင်းကို ခေတ္တရပ်ဆိုင်းထား အမျိုးသားဆိုင်ရာ ကျန်းမာရေးဌာနက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ရောဂါကာကွယ်ဆေး စမ်းသပ်ခံနေသူ တစ်ဦးရဲ့ လက်တွေဟာ လှုပ်ရှားမှု ခက်ခဲလာတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း ဒေသတွင်း သတင်းတွေမှာ ရေးသားထားပါတယ်။

စမ်းသပ်ရေးဌာနရဲ့ သုတေသီချုပ် ဂါမန်မလာဂါက ကာကွယ်ဆေး စမ်းသပ်ခံနေသူတွေထဲက တစ်ဦးမှာ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာ ခံစားလာရတဲ့အတွက် စမ်းသပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်ရေးအဖွဲ့က စမ်းသပ်ခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်တာဖြစ်ကြာင်း၊ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာဟာ Guillain-Barre syndrome ပုံစံမျိုး ဖြစ်နေကြောင်း ပြောပါတယ်။

Guillain-Barre syndrome ဟာ ဖြစ်နိုင်သူအနည်းငယ်သာ ရှိပေမယ့် လက်တွေခြေတွေ လှုပ်ရှားမှုပေါ် ထိခိုက်နိုင်တဲ့အတွက် paralysis ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာဖြစ်ပါတယ်။

ပီရူးနိုင်ငံတွင် တရုတ်ဆေးကုမ္ပဏီ Sinopharm ထုတ် ကပ်ရောဂါကာကွယ်ဆေးဟာ ဒီသီတင်းပတ် အတွင်းမှာ လူပေါင်း ၁၂,၀၀၀ နီးပါးကို စမ်းသပ်ပြီးစီးမှာလို့ သိရပါတယ်။

စမ်းသပ်မှု အောင်မြင်မှုရှိ၊ မရှိကို ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် သိရမှာ ဖြစ်ပြီး စမ်းသပ်မှု အောင်မြင်ခဲ့မယ်ဆိုရင် ပီရူးအစိုးရက ဆေးအလုံးရေ သန်း ၂၀ ဝယ်ယူဖို့ သဘောတူထားပြီးဖြစ်ပါတယ်။ အဲဒီဆေးပမာဏဟာ နိုင်ငံ့လူဦးရေရဲ့ သုံးပုံနှစ်ပုံအတွက်လို့ ဆိုနိုင်ကြောင်း သိရပါတယ်။

တရုတ်ဆေးကုမ္ပဏီ Sinopharm ထုတ်ကာကွယ်ဆေးကို အာဂျင်တီးနား၊ ရုရှားနဲ့ ဆော်ဒီ အာရေးဘီးယား နိုင်ငံတွေအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၆၀,၀၀၀ ပါဝင်စမ်းသပ်ထားကြောင်း သိရပါတယ်။

ပီရူးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၉၇၉,၁၁၁ ဦးထဲမှ သေဆုံးသူ ၃၆,၄၉၉ ဦးရှိကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP