စက်တင်ဘာ ၁၁
ပီရူးနိုင်ငံ အရှေ့တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားခြင်းကြောင့် စက်တင်ဘာ ၉ ရက်မနက်စောပိုင်းက ကုန်တင်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ရာ အလုပ်သမားတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါရထားသည် အရှေ့တောင်ဘက်လမ်းကြောင်းတွင် မြေပြိုမှုဖြစ်ပွားပြီးနောက် ရှေးဟောင်းအင်ကာမြို့တော် ကူစကိုမြို့ အိုလန်တေတမ်ဘို-မာချူ ပစ်ချူလမ်းကြောင်းတွင် ရထားလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပီရူးရထားကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။
ထိုရထားလမ်းချော်မှုကြောင့် သေဆုံးသွားသူသည် ရထားမန်နေဂျာဖြစ်ပြီး ဒဏ်ရာရရှိသူနှစ်ဦးသည် ရထားဝန်ထမ်းများဖြစ်သည်။ ဒဏ်ရာရရှိသူများသည် လတ်တလောတွင် ဒေသတွင်းဆေးခန်းတစ်ခု၌ ဆေးကုသမှု ခံယူလျက်ရှိသည်ဟု သိရသည်။
ဘတ်စ်ကားနှင့် ရထားလမ်းဝန်ဆောင်မှုအားလုံးကို ယနေ့မွန်းလွဲပိုင်းအထိ ရပ်ဆိုင်းထားကြောင်း ပီရူးရထားကုမ္ပဏီက ထပ်လောင်းပြောသည်။
ရထားလမ်းဘေးကင်းလုံခြုံမှုရှိရန်အလို့ငှာ ရထားလမ်းအခြေအနေကောင်းမွန်မှသာလျှင် အိုလန်တေတမ်ဘို-မာချူ ပစ်ချူအကြားရှိ ရထားပြေးဆွဲမှုပြန်လည်စတင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုရထားလမ်းချော်မှုဖြစ်ပွားသည့်နေရာသည် နိုင်ငံခြားသားခရီးသွားများသွားလာမှုများသည့် အာဂတ် ကာလီအန်တတ်စ်မြို့သို့ အမြန်သွားရောက်နိုင်သည့်လမ်းကြောင်းဖြစ်ပြီး နေ့စဉ်ခရီးသွားဦးရေ ၄၀၀၀ ခန့်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို