မတ် ၂၂

ပီရူးနိုင်ငံတောင်ပိုင်းတွင် သတ္တုတွင်းပြိုကျမှုကြောင့် လေးဦးထက်မနည်းသေဆုံးပြီး အခြားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ယမန်နေ့က ဖော်ပြထားသည်။

အဆိုပါမတော်တဆမှုသည် ပန်နိုဒေသရှိမြင့်မားသောသတ္တုတွင်းမြို့ဖြစ်သော လာရင်ကိုနာဒါရှိ ဆန်တာမာရီရာလူနာဒီအိုရို သတ္တုတွင်းတွင် မတ်လ ၁၈ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတ္တုတွင်းပြိုကျမှုကြောင့် ၎င်းတွင်းအတွင်းအလုပ်သမားသုံးဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံသို့သွားရာလမ်းမှာပင် သေဆုံးသွားသည်ဟု နိုင်ငံပိုင်အန်ဒီနာသတင်းအေဂျင်စီက ဖော်ပြထားသည်။

သေဆုံးသူများ၏ရုပ်အလောင်းများကိုရှာဖွေရန်အောက်သို့မီတာ ၃၀၀ နီးပါးဆင်းခဲ့ရပြီး ဆိုးရွားသော အခြေအနေများနှင့်ရင်ဆိုင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရသည်ဟု သိရသည်။

ထိုတွင်းပြိုကျမှုဖြစ်ပွားရသည့်အကြောင်းအရင်းကိုသိရှိရန် ဒေသန္တရအစိုးရရှေ့နေဖရက်ဒီကိုဒိုရီက စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ခဲ့သည်။

လာရင်ကိုနာဒါရှိသတ္တုတွင်းများအနက်တစ်ခုဖြစ်သော ဆန်တာမာရီရာလူနာဒီအိုရိုတွင်းတွင် တွင်းလုပ်သားများသည် အန္တရာယ်များသောအခြေအနေများ၌အလုပ်လုပ်ရလေ့ရှိသည်။ ဘေးအန္တရာယ်များထပ်မံဖြစ်ပွားမှုမှကာကွယ်ရန် ပိုမိုတင်းကြပ်သောဘေးကင်းရေးအစီအမံများကို ဒေသခံများက တောင်းဆိုလျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို