ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာမှ ဆိုင်ကယ်ခိုးမှုများပေါ်ပေါက်

သထုံ   ၁၅   ဇူလိုင်

 

သထုံမြို့နယ် သုဓမ္မဝတီနယ်မြို့သစ်တွင် နယ်မြေပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် ဆိုင်ကယ်တစ်စီးမှ နောက်တစ်စီးအား ခြေဖြင့်တွန်းလာသူများအား စစ်ဆေးမေးမြန်းရာမှ ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက်လာကြောင်း နယ်မြေရဲစခန်းမှသိရသည်။

သထုံခရိုင်မှုခင်းဌာနမှ ရဲအုပ်စောယုလှိုင်၊ သုဓမ္မဝတီနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဝေစိုးအောင်၊ သထုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နန်းဆွေနှင့် တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၂ ရက်က သုဓမ္မဝတီမြို့သစ်ရှေ့ ရန်ကုန်-ဘားအံကားလမ်းမကြီး၌ ယာဉ်များအား ပိတ်ဆို့စစ်ဆေး ရှာဖွေနေစဉ် ဘားအံမှ သထုံမြို့ဘက်သို့ လူငယ်တစ်ဦးမှ ဆိုင်ကယ်တစ်စီးမောင်းနှင်ပြီး အခြားလူငယ်တစ်ဦးမှ ခြေဖြင့်တွန်းကန်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်မေးရာ ဇာနည်နှင့် ရာဇာဌေး (ခ) အသေးလေး ဖြစ်ပြီး ၎င်းတို့မောင်းနှင် တွန်း/ကန်လာသော ဆိုင်ကယ်နှစ်စီးနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်သဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ထို့နောက် စစ်ဆေးမေးမြန်းချက်အရ လှည်းကူးမြို့နယ်၊ အလံတပိုကျေးရွာနေ ညီလင်းထက်(ခ) လင်းထက် အား လွန်ခဲ့သော (၃)လက ခိုးယူခဲ့သော ဆိုင်ကယ် (၃)စီး၊ ဘီးလင်းမြို့မှ (၂)စီးနှင့်  တောင်ငူကေတု မတီမြို့သစ်နှင့် ကဲရိုးရွာကြား လမ်းဘေးတွင်ရပ်ထားသည့် (၁)စီး စုစုပေါင်း ဆိုင်ကယ် (၆)စီးတို့ကို  ထပ်မံသိမ်းဆည်းရမိပြီး ဇူလိုင် ၁၄ ရက် ညနေပိုင်းက သုဓမ္မဝတီနယ်မြေရဲစခန်းမှအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နန္ဒကျော်စွာ