ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ငါးသားပေါက်မျိုးစိုက်ထည့်ပွဲ ကျင်းပ ငလိုက်ရာဘာရေလွှဲဆည်၌ ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ တစ်သိန်းတစ်သောင်း ငါးမျိုးစိုက်ထည့်


နေပြည်တော် ဇွန် ၂၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးသားပေါက် မျိုးစိုက်ထည့်ပွဲကို ယနေ့နံနက် ၈ နာရီ တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီရုံး အနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ ကျင်းပသည်။
ငါးသားပေါက် မျိုးစိုက်ထည့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းများနှင့် မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ဦးဆောင်ပြီး ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ရွှေဝါငါးကြင်း သားပေါက်များကို ငလိုက်ရာဘာရေလွှဲ ဆည်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် ၎င်းတို့၏ ဇနီးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ရွှေဝါငါးကြင်းသားပေါက်များကို ရေလွှဲဆည်အတွင်းသို့ တပျော်တပါး ငါးမျိုးစိုက်ထည့်ပေးကြသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သဘာဝရေပြင်များအတွင်း ရေသယံဇာတများ ပေါများကြွယ်ဝစေရေး၊ ငါးမျိုးများမပြုန်းတီးရေး၊ ငါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ငါးမျိုးစိုက်ထည့်ပွဲကို ကျင်းပခြင်းဖြစ်ပြီး ယနေ့တွင် ရွှေဝါငါးကြင်းသားပေါက် ကောင်ရေ တစ်သိန်းတစ်သောင်းကို ငလိုက်ရာဘာ ရေလွှဲဆည်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
 သတင်းစဉ်