ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ နည်းပညာစွန့်ဦးတီထွင်ပြိုင်ပွဲမှ ဆုရရှိသူ(၃)ဖွဲ့ကို ဆုများချီးမြှင့်

ရန်ကုန် ၁၁ ဖေဖော်ဝါရီ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park တွင် ဖေဖော်ဝါရီ ၁၀ ရက်ညနေ ၆ နာရီက ကျင်းပသော မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ၏ ဆန်ကာတင်(၁၀)ဖွဲ့မှရွေးချယ်ခံရ သောအဖွဲ့(၃)ဖွဲ့ကို ဆုများချီးမြှင့်ခဲ့သည်။

 

MPT နှင့်ကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်း၍ မြန်မာပြည်တစ်ဝန်းရှိ စွန့်ဦးတီထွင်လုပ်ငန်းများ လုပ်ကိုင်လိုသော လူငယ်များနှင့် တက္ကသိုလ်များမှ စွန့်ဦးတီထွင် လူငယ်များကို(၂၀၁၈)ခုနှစ်မှစ၍ ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် ပြိုင်ပွဲများကျင်းပခဲ့ကာ ဆုများချီးမြှင့်လျက် ကုမ္ပဏီမှတ်ပုံတင် ရရှိခြင်းနှင့် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းငယ် လုပ်ကိုင်သူတို့နှင့် အနီးကပ် အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အရေးများဖြင့် စွန့်ဦးတီထွင်လူငယ်များကို မြေတောင်မြှောက်ပေးလျက် ရှိသည်။

 

ယနေ့ကျင်းပသော ဆုပေးပွဲအခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာပိုင်းဆိ်ုင်ရာများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် အားသွန်ခွန်စိုက် ကြိုးစားနေဆဲအချိန်ဖြစ်ကြောင်း၊ ထိုသို့ကြိုးစားနေဆဲကာလ၌ အထောက်အကူ ဖြစ်စေမည့် နည်းပညာနှင့် ပတ်သက်သော လူငယ်လုပ်ငန်းရှင်များကို မွေးထုတ်ပေးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် မြန်မာ့ဆက်သွယ်ရေး MPT တို့ ပူးပေါင်းပြီး မြန်မာလူငယ် နည်းပညာစွန့်ဦး တီထွင်ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၁၉ ကို ဒုတိယအကြိမ် အဖြစ် ကျင်းပခြင်းအား တွေ့မြင်ရမှုအပေါ် များစွာဝမ်းသာအားရ ဖြစ်ရပါကြောင်း၊ ပထမအာကြိမ် ကျင်းပခြင်းထက် ဒုတိ်ယအကြိမ်တွင် နည်းပညာရှင် လူငယ်များ ပိုမိုစိတ်ဝင်စားတီထွင် ဆန်းသစ်မှုကို အားရမိပါကြောင်း၊ ယနေ့အချိန်အခါသည် နိုင်ငံတော်ဖွံ့ဖြိုးရေးတွင် နည်းပညာသည် အဓိကကျသော အခန်းကဏ္ဍက ပါဝင်ပြီး မိမိတို့ အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံချက်နှင့် နည်းပညာပူးပေါင်း၍ မိမိဘဝတိုးတက်ရေးအပြင် နိုင်ငံတော် အတွက် တစ်တပ်တစ်အား ပါဝင်ပံ့ပိုးနိုင်ရေး စတဲ့ ခံယူချက်နဲ့ တက်ကြွသော စိတ်ဖြင့်ယှဉ် ပြိုင်မည်ဆိုပါက မိမိအတွက်လည်း အကျိုးရှိစေမည့်အပြင် အများအကျိုးကိုလည်း ဆောင် ရွက်ပြီးဖြစ်နေကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ စီးပွားရေး စသောကဏ္ဍများကို နည်းပညာကိုအသုံးပြု၍ အကျိုးအမြတ်ကို ဖော်ဆောင်နိ်ုင်မည့် စီမံကိန်းများလည်း ပါဝင်လာမှုကိုတွေ့ မြင်ရ၍ ဝမ်းမြောက်ရပါကြောင်း၊ မျိုးဆက်သစ်လူငယ်များ ကြိုးစားယှဉ်ပြိုင်မှုကို တွေ့မြင်ရပြီး ထူးခြားသော Project များပါဝင်သည်ကို တွေ့မြင်ရ၍ လူငယ်များကိုယ်စား အထူးဂုဏ်ယူရပါကြောင်း ပြောကြားသည်။

 

အထက်မြန်မာပြည် ကိုယ်စားပြု မန္တလေးမြို့တွင် နည်းပညာစွန့်ဦးတီထွင် (၁၅)ဖွဲ့နှင့် အောက်မြန်မာပြည် ကိုယ်စားပြု ရန်ကုန်မြို့တွင် (၁၅)ဖွဲ့တို့ ယှဉ်ပြိုင်မှုမှ (၅)ဖွဲ့ကို ဒိုင်များက ရွေးချယ်ကဲ့ကာ ထို(၁၀)ဖွဲ့အား ရန်ကုန်မြို့ MICT Park တွင် အကောင်းဆုံး (၃)ဖွဲ့ကို ရွေးချယ်၍ ထို(၃)ဖွဲ့အား တစ်ဖွဲ့လျင် ကျပ်သိန်း(၈၀)နှင့်အတူ လူငယ်တို့၏ စွန့်ဦးတီထွင်စိတ် ကူးစိတ်သန်းတို့ကို လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် အခွင့်အရေးတို့ကိုလည်း ရရှိစေမည်ဖြစ်သည်။ ယမန်နှစ်က ရွေးချယ်ခံရသော (၃)ဖွဲ့အား တစ်ဖွဲ့လျင် ကျပ်သိန်း(၅၀)ဆုချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် ကျပ်သိန်း(၈၀)ဖြင့် တိုးမြှင့်ချီးမြှင့်ခဲ့ကာ စွန့်ဦးတီထွင်လိုသောစိတ်များ ပိုမိုပေါ်ထွန်းလာစေရန် အားပေးထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

 

ယှဉ်ပြိုင်သော(၁၀)ဖွဲ့တွင် အောက်မြန်မာပြည်မှ စွန့်ဦးတီထွင်လူငယ်(၃)ဦး၏ “ထီနန်းတော်ခေါင်းစဉ်”ဖြင့် အွန်လိုင်းမှ အောင်ဘာလေ ထီလက်မှတ်ဝယ်ယူနိုင်သော အက်ပလီကေးရှင်းဖြင့်လည်းကောင်း ၊“ Learning Ethnic Language with AR/VR ခေါင်းစဉ်” ဖြင့် AR/VR စနစ်ကို အသုံးပြု၍ တိ်ုင်းရင်းသားစာပေများကို လေ့လာသင်ယူသည့် အက်ပလီကေးရှင်းဖြင့် လည်းကောင်း ၊ အထက်မြန်မာပြည်မှ စွန့်ဦးတီထွင်လူငယ်အဖွဲ့က “Waste Managing Machine ”ခါင်းစဉ်ဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စက်ထုတ်လုပ်ခြင်း လုပ်ငန်းဖြင့်လည်းကောင်း ဆုများအသီးသီး ရရှိခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးသာဦးက ဆုများ ကိုချီးမြှင့်သည်။

 

ယနေ့ကျင်းပသော (၂၀၁၉) နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ်ပြိုင်ပွဲမှ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိ်ယဝန်ကြီးဦးသ ာဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင်နှင့် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဥိီးခင်မောင်ထွန်း၊ မြန်မာလူငယ် နည်းပညာစွန့်ဦးတိီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ MPT-KSGM JO မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ Mentor များ၊ Lecturer များနှင့် Guest Speaker များ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ နှင့် လူငယ်များ၊ ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

သန်းထိုက်

 

ဓာတ်ပုံ-သန်းစိုး