နေပြည်တော် ဒီဇင်ဘာ ၄

၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားအဖွဲ့အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြား ချက်ဖြစ်သော  “အားကစား တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များကို မြှင့်တင်ပေးနိုင်ပြီး လူသားအရင်းအမြစ်များ တိုက်ရိုက် ဖွံ့ဖြိုးစေနိုင်ကြောင်း”ဆိုသည့်အချက်ကို အလေးအနက်ထား မှတ်သားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၊ နည်းစနစ်ကျနမှု၊ စည်းကမ်းလိုက်နာမှုနှင့် အသင်းအဖွဲ့ စိတ်ဓါတ်(Team Work)ရှိမှုများသည် ပြိုင်ပွဲအောင်မြင်မှုအတွက် အရေးကြီးသဖြင့် အကောင်းဆုံး ပြင်ဆင်၍ အမြင့်ဆုံးအောင်မြင်မှုကို မျှော်မှန်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် တစ်ဦးချင်းကျန်းမာရေး၊ ထိခိုက်ဒဏ်ရာရမှု မရှိစေရေးတို့ကို ဂရုစိုက်ရန် မှာကြားပြီး အားကစားအသင်းအောင်နိုင်ရေးအလံကို ပေးအပ်သည်။
 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပဥ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်တွင် ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ ဂေါက်သီးရိုက်နှင့် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး) စသည့် အားကစားနည်းများအတွက် စုစုပေါင်းအားကစားသမား (၁၀၃) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်