ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ


နေပြည်တော် ဇွန် ၂၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီးဝင်းအတွင်းရှိ မြေကွက်လပ်၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။ 
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ဦးဆောင်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ရတနာတန်းဝင် ကျွန်းပင်၊ ပိတောက်၊ ပျဉ်းကတိုးနှင့် အရိပ်ရလေကာပင် စုစုပေါင်းအပင် (၁,၀၀၀) ကို စိုက်ပျိုးပေးကြပြီး ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။
ယနေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဝန်ကြီးဌာနအောက်မှ ဌာန၊ အဖွဲ့အစည်းများတွင်လည်း တစ်ချိန်တည်းတစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပကြပြီး ရတနာတန်းဝင် အပင်၊ အရိပ်ရလေကာပင်နှင့် သီးပင်စားပင်မျိုးစုံ စုစုပေါင်း (၂၃,၇၉၃) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်