ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏  (၁၄၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်၊  မေ ၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ (၁၄၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီတွင် မြန်မာ့မီးရထားရုံးချုပ် နေပြည်တော် ဘူတာကြီးရှိ ဘဝသံသရာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနအကြီးအမှူးများ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြန်မာနိုင်ငံတွင် ၁၈၇၇ ခုနှစ်၊ မေ ၁ ရက်တွင် ရန်ကုန် - ပြည် ရထားလမ်းပိုင်း (၁၆၁) မိုင်ခရီးကို စတင်ဖောက်လုပ် ပြေးဆွဲခဲ့ခြင်းနှင့်အတူ ရထားပို့ဆောင်ရေးလုပ်ငန်း ပေါ်ထွန်းလာခဲ့ခြင်းမှာ ယနေ့ဆိုလျှင် (၁၄၆) နှစ် မြောက်ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ ခေတ်စနစ်များ အမျိုးမျိုးပြောင်းလဲ လာသည်နှင့်အမျှ Burma Railway Company၊ မီးရထားဘုတ်အဖွဲ့၊ ရထားပို့ဆောင်ရေး ကော်ပိုရေးရှင်းဟု ဌာနအခေါ်အဝေါ် အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး (၁၉၈၉) ခုနှစ်၊ ဧပြီ (၁) ရက်တွင် မြန်မာ့မီးရထားဟု ယနေ့တိုင် ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ခဲ့ပါကြောင်း၊ မြန်မာ့မီးရထား ဖြတ်သန်းခဲ့သည့် (၁၄၆) နှစ် ခရီးတစ်လျှောက်တွင် ခေတ်စနစ်များ အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း ဝန်ထမ်းများ၏ ဇွဲ၊ လုံလ၊ ဝီရိယတို့ဖြင့် ပို့ဆောင်ရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသောကြောင့် နိုင်ငံတော်၏ ပို့ဆောင်ရေးလိုအပ်ချက်များကို ယခုတိုင် ဖြည့်ဆည်းပေးနိုင်နေဆဲဖြစ်ပါကြောင်း။ 

 

mdn

 

ရထားလမ်းတိုးချဲ့ဖောက်လုပ်နိုင်ခဲ့မှုများကို လေ့လာကြည့်မည်ဆိုရင် မြန်မာနိုင်ငံတွင် ရထားလုပ်ငန်း စတင်ခဲ့သည့် ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် (၁၉၂၄) မိုင်ခန့်နှင့် ဘူတာရုံပေါင်း (၄၇၆) ခု တည်ရှိခဲ့ရာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် (၅၄) မိုင်ခန့်နှင့် ဘူတာရုံ (၁၁) ခု တိုးတက်တည်ဆောက်နိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ ယနေ့အထိ ရထားလမ်းခရီးမိုင် (၁၈၂၂) မိုင်ခန့်နှင့် ဘူတာရုံ (၄၇၃) ခု ထပ်မံတိုးချဲ့ ဖောက်လုပ် တည်ဆောက်နိုင်ခဲ့သည့်အတွက် နိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်းမိုင် (၃၈၀၀) ကျော်ခန့်နှင့် ဘူတာရုံပေါင်း (၉၆၀) ရှိပြီဖြစ်ကြောင်း၊ ယနေ့ဆိုလျှင် ရန်ကုန် - မန္တလေး ၊ ရန်ကုန် - မော်လမြိုင်၊ ရန်ကုန် - ပြည် - ပုဂံ၊ မန္တလေး - ပြင်ဦးလွင်၊ နေပြည်တော် - ကျောက်ပန်းတောင်း - ပုဂံ၊ သာစည် - ရွှေညောင်၊ ပုသိမ် - ကြံခင်းနှင့် တောင်ကြီး - ဆိုက်ခေါင် လမ်းပိုင်းများတွင် အမြန်ရထား (၁၈)စင်း၊ စာပို့ရထား (၁၀)စင်း၊ လူစီးကုန်တင်ရထား (၁၄) စင်း စုစုပေါင်း (၄၂) စင်းနှင့် ရန်ကုန် မြို့ပတ်တွင် နေ့စဉ် (၃၅) စင်းဖြင့် စုစုပေါင်းလူစီးရထားများ (၇၇) စင်း အထိ တိုးချဲ့ပြေးဆွဲနိုင်ခဲ့ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ရထားလမ်းများကြံ့ခိုင်ရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများအတွက် လမ်းပိုင်းအသီးသီးတွင် လမ်းခင်းကျောက် စုစုပေါင်း (၂၀၉၄၈၁) ကျင်း ဖြည့်သွင်းခြင်း၊ ကွန်ကရစ်ဇလီဖား စုစုပေါင်း (၂၀၁၆၉၃) တုံးထည့်သွင်းခြင်း၊ သစ်သားဇလီဖား (၄၅၀၀၀) ထည့်သွင်းခြင်း၊ သံလမ်းအသစ် စုစုပေါင်း ( ၂၄၂၃၄ ) ချောင်း လဲလှယ်ခင်းကျင်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ရထားလုပ်ငန်းမှာ နိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးသော လုပ်ငန်းဖြစ်ခြင်း၊ ရထားသည် ကားနှင့် နှိုင်းယှဉ်လျှင် တူညီသော ကုန်စည်ပမာဏနှင့် အကွာအဝေးအတွက် လောင်စာဆီသုံးစွဲနှုန်း လေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံသာရှိသဖြင့် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုလျော့ပါးစေခြင်း၊ ခရီးသည်အမြောက်အများ သယ်ယူပို့ဆောင်နိုင်သဖြင့် မော်တော်ယာဉ်ကြပ်တည်းမှု ဖြစ်ပေါ်နေသော မြို့ကြီးများအတွက် မဖြစ်မနေသုံးသင့်သော ပို့ဆောင်ရေးစနစ် ဖြစ်နေခြင်းစသည်တို့ကြောင့် နိုင်ငံအသီးသီးတွင် ရထားလုပ်ငန်းကို ပြည်သူလူထုပို့ဆောင်ရေးလုပ်ငန်း (Public Transportation) အဖြစ် အဓိကအားထား အသုံးပြုလျက်ရှိကြောင်း။

နိုင်ငံတော်အကြီးအကဲကလည်း ရထားလမ်းများ ကြံခိုင်ကောင်းမွန်စေရေး ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာ၍ ရေရှည်အတွက် ဦးစားပေးစဉ်းစားဆောင်ရွက်ရန်၊ ရထားစက်ခေါင်းနှင့်တွဲများ ပြုပြင်ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထပ်မံတိုးချဲ့ ဖောက်လုပ်ခြင်းလုပ်ငန်းများ၊ ပြည်တွင်းအင်ဂျင်နီယာ ပညာရှင်များကို အဓိကထားအသုံးပြု၍ နည်းပညာများ တိုးတက်အောင်ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ် ရထားများပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်ရန်၊ စက်ခေါင်းနှင့် တွဲများ တည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြင်ပမှဝယ်ယူနေမှုကို တစ်ဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်းတွင် ထုတ်လုပ်တည်ဆောက်နိုင်ရေး သုတေသနပြုလုပ်ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားသည့်အပြင် လိုအပ်သည် များကိုလည်း ဖြည့်ဆည်းပံ့ပိုးခြင်းများ ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ ရထားဝန်ထမ်းများ အားလုံး ကလည်း ကိုယ်စွမ်း၊ ညဏ်စွမ်းရှိသ၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်လည်း ထပ်လောင်းမှာကြားလိုပါကြောင်း။

လက်ရှိ မြန်မာ့မီးရထားတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းအပေါင်း တို့ကလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ရထားစီးခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာခရီးသို့ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး၊ တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ကုန်စည်အများအပြားကို အချိန်တိုအတွင်း ဈေးနှုန်းသက်သာစွာဖြင့် ပို့ဆောင်ပေးနိုင်ရေး ပြည်သူများ၏ အကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ၍ အစွမ်းကုန်ကြိုးပမ်း ထမ်းဆောင်ပေးကြပါရန် မှာကြားသည်။ 

ဆက်လက်၍ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက ဌာနဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍ (၁၄၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုကို ပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်နှင့်  ဦးဆောင် ညွှန်ကြားရေးမှူးတို့က တိုင်း၊ စက်ရုံ၊ ဆေးရုံများ အလိုက် အကောင်းဆုံးဆု ရရှိသူများ၊ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် သင်တန်းထူးချွန်ဆု ရရှိခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ပြုဆု ရရှိသူများနှင့်အတူ ဘဝသံသရာခန်းမရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး မြန်မာ့မီးရထား၏ (၁၄၆) နှစ်မြောက် နှစ်ပတ်လည် မိတ်ဆုံညစာစားပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်