ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၃၀

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇နာရီတွင် နေပြည်တော်ဘူတာကြီးဝန်းအတွင်း စက်ခေါင်းစက်ရုံအနီးရှိ ရန်ကုန်-မန္တလေး ရထားလမ်းဘေး မြေကွက်လပ်၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်၎င်းတို့၏ ဇနီးများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ကမ္ဘာပေါ်ရှိ လူနှင့် သက်ရှိ သတ္တဝါအားလုံး၏ ၉၀ ရာခိုင်နှုန်းသည် သစ်ပင် သစ်တောများကို မှီခိုနေထိုင် လျက်ရှိကြောင်း၊ သစ်တောသစ်ပင်များက လိုအပ်သောအစားအစာများ၊ အသုံးအဆောင်များ၊ သစ်တော ထွက်ပစ္စည်းအမျိုးမျိုး စသည်တို့ကို ထောက်ပံ့ပေးနိုင်ခြင်း၊ မြေဆီ လွှာနှင့် ရေကိုထိန်းသိမ်းပေး ခြင်းကြောင့် သောက်သုံးရေများကို ရယူသုံးစွဲနိုင်ခြင်း၊ အောက်ဆီဂျင်ကို ထုတ်ပေးနိုင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ခြင်း၊  သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေး နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးသော သစ်ပင်များ ရှင်သန်ကြီးထွားရေးကိုလည်း ဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊  နိုင်ငံတဝန်း စိမ်းလန်းစိုပြေစေရန် သစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊  ယခုကဲ့သို့ အစဉ်အလာကောင်းကို ရေရှည် ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများက စိန်တလုံးသရက်ပင် ၃၅၀ ကို စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးနေမှုများကို ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှုအားပေးသည်။

 

ယနေ့တွင် နိုင်ငံအတွင်း ဒေသအနှံ့အပြားရှိ ဝန်ကြီးဌာနလက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းများ၏ ရုံးချုပ်များနှင့် ရုံးများတွင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဆင်နွှဲကြပြီး ရတနာတန်းဝင်အပင်၊ အရိပ်ရလေကာပင်နှင့် သီးပင်စားပင် စုစုပေါင်း (၁၉၈၃၂) ပင်ကို စိုက်ပျိုးခဲ့ကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ်(၂၉)အနီးရှိ လျှိုပိတ်ဆည်တွင် ကျင်းပသည့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနား တက်ရောက်ကြသူများနှင့်အတူ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၂၀၀၀၀) ကို စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)