ပို့ကုန်လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများ အာဆီယံဝက်ဘ်ဆိုက်မှတစ်ဆင့် ဝင်ရောက်တင်ပြနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရန်ကုန် ၃၁  မေ 


ပို့ကုန်လုပ်ငန်းရှင်များ ကြုံတွေ့နေရသော အခက်အခဲပြဿနာများကို ဒေသတွင်း အဆင့်တွင် ASEAN Solutions for Investments, Services and Trade (ASSIST) Website မှတစ်ဆင့် ဝင်ရောက်တင်ပြနိုင်ရန် ရည်ရွယ်ချက်ဖြင့် '' Awareness Workshop on How to Make a Complaint at the Regional Level Through ASEAN Website" အလုပ်ရုံဆွေးနွေးပွဲကိုယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ် ရုံးတွင် ပြုလုပ်သည်။


ယနေ့ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်နော်မူတာကဖောက အဖွင့်အမှာစကား ပြောကြားပြီး ကုန်သည်စက်မှု အသင်းချုပ်မှ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေက အမှာစကား ပြောကြားသည်။


ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဌာနခွဲ ညွှန်ကြားရေးမှူးက ASEAN Solutions for Investments, Services and Trade (ASSIST) Website နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။


အာဆီယံဝက်ဘ်ဆိုက်တွင် တိုင်ကြားသည့် ပြဿနာတစ်ရပ်သည် ဒေသတွင်း အာဆီယံ သဘောတူညီချက်များနှင့် ဘောင်ဝင်သော Issues များ ဖြစ်ပါက တစ်သက် အဖွဲ့ဝင်နိုင်ငံရှိ Destination Contact Point က ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြဿနာတစ်ရပ်ကို စတင်တိုင်ကြားသည်မှ ရက်ပေါင်း ၄၀ မှ ၆၀ အတွင်း တိုင်ကြားပေး မည်ဖြစ်ကြောင်း သိရသည်။

 

ကုန်သွယ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟေမာန်သိန်းဦးက “ဝက်ဘ်ဆိုက် ရည်ရွယ် ချက်က ကုန်သွယ်မှုနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာ တွေ့ကြုံရတဲ့ ပြဿနာကိုသက်ဆိုင်တဲ့ နိုင်ငံရဲ့အစိုးရနဲ့ တိုက်ရိုက်ဖြေရှင်း လို့ရတယ်။ ဒီလိုဖြေရှင်းနိုင်ဖို့အတွက် ပြုလုပ်ပေးထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ 

 

Complain တက်မယ်ဆိုရင် အာဆီယံ ၁၀ နိုင်ငံထဲက တစ်နိုင်ငံမှာ မှတ်ပုံတင် ထားရပါမယ်။ Complain တက်ချင်ရင် ဝက်ဘ်ဆိုက်ထဲမှာရှိတဲ့ ဖောင်ကိုဖြည့်ပြီး သက်ဆိုင်တဲ့ အချက် အလက်တွေ ဖြည့်ပြီးပို့လိုက်ရင် အာဆီယံအတွင်းရေးမှူးရုံးကို ရောက်သွားမယ်။ အာဆီယံအတွင်းရေးမှူးက အကျုံးဝင်မှု ရှိ-မရှိစစ်ဆေးမယ်။ အကျုံးဝင်တယ်ဆိုရင် သက်ဆိုင်တဲ့ အစိုးရကို အကြောင်းကြားမယ်။ သက်ဆိုင်တဲ့အစိုးရကလည်း သူတို့နဲ့အကျုံးဝင်-မဝင် စစ်ဆေးမယ်။ ပြဿနာတစ်ရပ်ကို စတင်တိုင်ကြားသည့် ရက်ကနေစပြီး  ရက်ပေါင်း ၄၀ မှ ၆၀ အတွင်း ပြန်ကြားပေးပါတယ်” ဟုပြောသည်။


အာဆီယံဝက်ဘ်ဆိုက်သည် Free of Charge ဝက်ဘ်ဆိုက်ဖြစ်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် Home Contact Point သည် ကုန်သွယ်ရေး ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် Home Contact Point သည်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဖြစ်ကြောင်း ယနေ့အခမ်းအနားမှ သိရသည်။


ယနေ့ ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းပြုလုပ်ပြီး မြန်မာနိုင်ငံရှိ ပို့ကုန်လုပ်ငန်းဆောင်ရွက်နေသည့် မှတ်ပုံတင်ထားသော လုပ်ငန်းများနှင့် မှတ်ပုံမတင်ထားသော လုပ်ငန်းများမှ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ တင်ပို့ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ (သို့မဟုတ်) အခြားသော အာဆီယံနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲပြဿနာများကို ဒေသတွင်းအဆင့် အာဆီယံ ဝက်ဘ်ဆိုက်မှ တစ်ဆင့် မည်သို့ Complain ပြုလုပ်နိုင်သည်ကို ပို့ကုန်လုပ်ငန်းရှင်များ အကြားသိရှိလာစေရန်အတွက် ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။


(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဇော်မင်းလတ်)