ပိုလီနီးရှားနိုင်ငံ သမ္မတ အက်ဒဝပ်ဖရက်ရှ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ဝယ်လင်တန်   ၁၄   အောက်တိုဘာ

ပြင်သစ်နိုင်ငံသို့သွားရောက်ပြီးနောက်မိမိတွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း ပိုလီနီးရှားနိုင်ငံ သမ္မတ အက်ဒဝပ်ဖရက်ချ်က ယနေ့ ပြောကြားလိုက်သည်။

ခရီးသွားရာတွင် အန္တရာယ်များကြောင်း သိရှိသော်လည်း ပြင်သစ်လက်အောက်ခံနိုင်ငံဖြစ်သော ပိုလီနီးရှားနိုင်ငံအတွက် အရေးပါသောကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရန် ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်က ပြောသည်။ သမ္မတ အက်ဒဝပ်က ခရီးသွားကျင့်ဝတ်များကို လိုက်နာခဲ့ပြီး ပြင်သစ်နိုင်ငံမှ ပြန်မလာမီ သုံးရက်အလိုက စစ်ဆေးမှု ပြုလုပ်ရာတွင် ဗိုင်းရပ်စ်ပိုး မတွေ့ရှိ ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သမ္မတ အက်ဒဝပ်က ပြင်သစ်နိုင်ငံ၌ရှိနေစဉ် ပြင်သစ်ဝန်ကြီးချုပ် ဂျင်းကက်စတတ်ဇ်၊ သမ္မတ အီမန်နျူရယ်မက်ခရွန်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပိုလီနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၈ဝဝ နီးပါး ရှိလာခဲ့ကာ ပိုးရှိဆဲ လူနာ ၆၃၃ ဦးအထိ ရှိနေသည်။

ပိုလီနီးရှားနိုင်ငံက ဇူလိုင်လအတွင်း နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့ကာ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် မဖြစ်မနေ သီးခြားခွဲနေရမည့် လိုအပ်ချက်များ ရုပ်သိမ်းခဲ့သည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-ကျော်ထိုက်စိုး