ပိုလန်သမ္မတမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

၂၄ အောက်တိုဘာ

 

 

ပိုလန်သမ္မတ ဒူဂါမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူကြောင်း သမ္မတရဲ့ အကြံပေးက ဒီနေ့(စနေနေ့)မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

 

သမ္မတကို မနေ့က ဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ကြောင်း သမ္မတရုံးရဲ့ အတွင်းရေးမှူးက သူ့ရဲ့ ကိုယ်ပိုင်တွစ်တာ အကောင့်မှာ ရေးသားထားပါတယ်။

 

 

သမ္မတ ဒူဂါဟာ ဘယ်ကနေ ရောဂါကူးခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မသိကြောင်း၊ ပြီးခဲ့တဲ့ တနင်္လာနေ့က ဘယ်လ်ဂျီယံနိုင်ငံ သမ္မတနဲ့ တွေ့ဆုံခဲ့ကြောင်း၊ အဲဒီ ဆွေးနွေးပွဲနောက်ပိုင်း ဘယ်လ်ဂျီယံ သမ္မတ ရပ်ဒိဖ်ဟာ သီးသန့်ခွဲခြား နေထိုင်နေကြောင်း သိရပါတယ်။

 

 

ပိုလန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှု များနေတဲ့အတွက် ဒီနေ့(စနေနေ့)ကစပြီး အနီရောင်ဇုန်အဖြစ် သတ်မှတ်ပြီး အသွားအလာ ကန့်သတ်မှု တချို့ကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

 

 

လူဦးရေ ၃၈ သန်း နေထိုင်တဲ့ ပိုလန်နိုင်ငံမှာ သောကြာနေ့က ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၁၃,၆၃၂ ဦး တွေ့ရှိကြောင်း သိရပါတယ်။

 

 

အနီရောင်ဇုန်အဖြစ် စတင်အသက်ဝင်တဲ့ ဒီကနေ့ကစပြီး မူလတန်းကျောင်းတွေကို ပိတ်ထားပြီး အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေကို အွန်လိုင်းမှ သင်ကြားရန်၊ နေအိမ်တွေမှ အလုပ်လုပ်ရန်၊ အသက် ၇၀ ကျော်သူတွေကို အိမ်မှာဘဲနေရန်၊ အသက်အရွယ် ကြီးသူတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို စေတနာ့ဝန်ထမ်းတွေက ဆောင်ရွက်ပေးသွာမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ ဘားတွေဟာ ပါဆယ်သာရောင်းခွင့်ရှိမှာဖြစ်ပြီး အားကစားခန်းမတွေနဲ့ ရေကူးကန်တွေကို ပိတ်ထားရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူ ၅ ဦးထက်ပိုပြီး စုဝေးခွင့် မရှိကြောင်း၊ မင်္ဂလာ အခမ်းအနားနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေမှာ လူဦးရေ အကန့်အသတ်နဲ့ တက်ရောက်ခွင့်ရှိကြောင်း သိရပါတယ်။

 

 

အလားတူ ဈေးဆိုင်တွေနဲ့ အများသုံးယာဉ်တွေမှာ လူအကန့်သတ်နဲ့သာ အသုံးပြုခွင့် ရှိနေပါတယ်။

 

 

ပိုလန်နိုင်ငံရဲ့ အမျိုးသား အားကစားရုံကို ယာယီဆေးရုံအဖြစ် ပြောင်းလဲလိုက်ပြီး ပိုးတွေ့လူနာတွေကို ကုသရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။ 

 

 

MDN

ကိုးကား - AFP