ပိုမိုကြီးထွားလာနေသည့်AA ၏ မူးယစ်ကုန်သွယ်မှု

အရှေ့တောင်အာရှဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုများသည် အဓိကအားဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားနေသည့် နယ်စပ်ဒေသများဖြစ်ကြောင်းနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရားမဝင် မူးယစ်ဆေး ထုတ်လုပ်မှုများ၏ ဗဟိုချက်ဖြစ်လာကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်  ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာတစ်ရပ်တွင် မကြာသေးမီက ဖော်ပြခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများသည် ရေလမ်းမှတစ်ဆင့် တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ပစိဖိတ်ဒေသ နိုင်ငံများအထိ ရောက်ရှိသွားကြောင်း သတင်းမီဒီယာများတွင် တွေ့ရသည်။

မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊    သယ်ဆောင် ရောင်းဝယ်မှုများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစု၏ အဓိက ဝင်ငွေရလမ်းဖြစ်သော စီးပွားရေးလုပ်ငန်းဖြစ်ပြီး ယင်းတရားမဝင်လုပ်ငန်းတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်နေကြသည်။ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတွင် နောက်ဆုံးပါဝင်ပတ်သက်လာသည့် အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှာ AA ဖြစ်ပြီး လွန်ခဲ့သည့် ၁၅ နှစ်ခန့် ကမှ ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်သော်လည်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွင် ထိပ်ဆုံးသို့ရောက်ရှိလာသည့် အဖွဲ့လည်းဖြစ်သည်။ AA ၏ မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရမိမှုတွင် ဇွန်လ ၁၆ ရက် နံနက်စောစောပိုင်းက ပုသိမ်-မုံရွာ လမ်းအတိုင်း တောင်ကုတ်သို့ သယ်ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကျော်ကို သယ်ဆောင်မည့်သူ ၁၀ ဦးနှင့်အတူ ပြည်သူများ၏ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့ပြီး ၎င်းမူးယစ် ဆေးဝါးများမှာ ကျောက်တော်မြို့နေ AA အဖွဲ့ခေါင်းဆောင်တစ်ဦးက ပိုင်ဆိုင်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ သတင်းကဲ့သို့ပင် ယခင်သတင်းများတွင်ပါရှိခဲ့သည့် သတင်းအချက်အလက်များအရ AA အဖွဲ့သည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို ပြည်တွင်းလမ်းကြောင်းများမှ ဖြတ်သန်းသယ်ဆောင်ကာ ရခိုင်ပြည်နယ်သို့လည်းကောင်း၊ ယင်းမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူများထံသို့လည်းကောင်း၊ ပင်လယ်ရေလမ်းကြောင်းမှတစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှားနှင့်အခြား နိုင်ငံများသို့လည်းကောင်း တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း ထင်ရှားစွာပေါ်လွင်လျက်ရှိသည်။ ၎င်းတို့၏ လှုပ်ရှားနယ်မြေများအရ မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသ အကြမ်းဖက်သောင်းကျန်းသူများက ထုတ်လုပ်လိုက်သည့် မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းဒေသ အကြမ်းဖက် သောင်းကျန်းသူက နိုင်ငံတကာ မူးယစ်ရာဇဝတ်ဂိုဏ်း၊ လက်နက်မှောင်ခိုဂိုဏ်းများနှင့် ချိတ်ဆက်ရောင်းဝယ်စီးပွားရှာ နေကြခြင်းပင်ဖြစ်သည်။ AA ၏ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ် မှုများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာဌာနတွင်လည်း မှုခင်းမှတ်တမ်းများရှိနေပြီး ဖမ်းဆီးရမိသော မူးယစ်ဆေးများ၊ သက်သေအထောက်အထားများအရ ငြင်းကွယ်၍မရနိုင်အောင် ခိုင်မာလျက်ရှိသည်။

မိမိတို့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းမတည်ငြိမ်မှု အခြေအနေများက မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အတွက် အခွင့်အခါကောင်းဖြစ်နေသည့်အလျောက် ကမ္ဘာ့ဈေးကွက်သို့ ၎င်းတို့ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများ ပိုမိုရောက်ရှိနေကြောင်း သတင်းများတွင်တွေ့ရသည်။ ၎င်းအဖွဲ့အစည်းများသည် တစ်ဖက်တွင် လူမျိုးစုအရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရေး၊ ဖက်ဒရယ်အရေး စသည်ဖြင့် နိုင်ငံရေး အရေခြုံဖုံးကွယ်မှုများ ပြုထားကြစေကာမူ တကယ့်သရုပ်မှန်မှာ မူးယစ်ဆေးဝါးဖြင့် စီးပွားရှာမှုပင် ဖြစ်သည်။ နိုင်ငံတော်အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် အလေးအနက်ဆောင်ရွက်နေစေကာမူ မြန်မာနိုင်ငံ၏ နယ်နိမိတ်ပြင်ပမှ နိုင်ငံ ဖြတ်ကျော် မူးယစ်ကုန်သွယ်မှုများတွင် ဆက်စပ်နိုင်ငံများ၏ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုများ လိုအပ်မည်ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာသည် လူသားထု တစ်ရပ်လုံး၏ ပြဿနာဖြစ်သည့် အလျောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် လူသားအားလုံးက ပါဝင်ကြရပါမည့်အကြောင်း။

မြန်မာ့အလင်း