ပိုးနဲ့ပိုး

 

သမားအို

 

ကျွန်တော်တို့ငယ်ငယ်က လူကြီးတွေပြောတာကြားဖူးတယ်။ “ပိုးမျိုးရှစ်ဆယ်” တဲ့ ။ ဆေးကျောင်းတက်တော့ ရောဂါတွေအကြောင်း မသင်ရခင်ကတည်းက ကပ်ပါးပိုးတွေ၊ အင်းဆက်ပိုးတွေအကြောင်း သင်ခဲ့ရပြန်တယ်။ အဏုကြည့်မှန်ပြောင်း (Microscope) အကူအညီနဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ပိုးတွေကို တွေ့လာရတယ်။

 

အတန်းကြီးလာတော့ ရောဂါတွေအကြောင်း သင်ခွင့်ရရုံမက ရောဂါပိုးတွေအကြောင်း ပိုသိလာရတယ်။ ဆေးထိုးလိုက်ရင် အနီရောင်ပေါ်တဲ့ ပိုးဝိုင်းဝိုင်းကလေးတွေ၊ အပြာရောင်ပေါ်တဲ့ ပိုးဝိုင်းဝိုင်းကလေးတွေ အဏုကြည့်မှန်ပြောင်းနဲ့ကြည့်ရင်မြင်ရမယ်။ အဲဒီကတည်းက ကျွန်တော်တို့မျက်စိထဲမှာ ရောဂါပိုးတွေကို အဏုကြည့်မှန်တပ်ထားသလို မြင်နေမိတယ်။

 

သာမန်လူတွေအတွက် အခက်တွေ့စရာ

 

မမြင်ရတဲ့ပိုးတွေကို ရောဂါနဲ့တွဲပြီး မြင်နေမိတာကိုက ပြဿနာပါပဲ။ ကျွန်တော်တို့က မိုက်ခရိုစကုပ်မျက်လုံး (Microscope Eye) နဲ့ ကြည့်နေ၊ မြင်နေပြီး ပြောနေ၊ ပညာပေးနေတာတွေက သာမန်လူတွေ အတွက် အခက်တွေ့စရာပါပဲ။ မံသစက္ခုခေါ်တဲ့ သာမန်မျက်လုံးမှာ မပေါ်လာနိုင်တဲ့အရာတွေကြောင့် ကျွန်တော်တို့ သိသလောက်၊ ကျွန်တော်တို့ကြောက်သလောက် လူထုကမကြောက်ပါဘူး။ မကြောက် တဲ့အတွက် ဂရုလည်းမစိုက်မိကြပါဘူး။ “သတိမူရင် မြူကိုတောင် မြင်နိုင်တယ်” ဆိုစကားလိုပဲ သတိထားကြတဲ့သူတွေအတွက်သာ ထိရောက်ပါတယ်။

 

နောက်ပိုင်းကျတော့ အီလက်ထရွန်မိုက်ခရိုစကုပ်(Electron Microscope) တွေ ပေါ်လာတော့ ဗက်တီးရီးယား ပိုးတွေထက် ပိုသေးတဲ့ ဗိုင်းရပ်စ်ပိုးတွေကိုပါ မြင်လာရတော့တယ်။ အခု ကိုရိုနာ ဗိုင်းရပ်စ်ပိုးလိုပါပဲ။ လူတွေအားလုံး (ကလေးတွေကအစ) ဖန်သား ပြင်မှာ (ရုပ်/သံရော၊ လက်ကိုင်ဖုန်းရော)မြင်နေရတဲ့ အချွန်အတက် ကလေးတွေနဲ့ ဘောလုံးလေးတွေဟာ ကိုဗစ်-၁၉ ပါလားလို့ သိနေ ကြတယ်။ ဗိုင်းရပ်စ်ပိုးတွေ အချင်းချင်းလည်း လူတွေပြောနေကျ စကားလို “သိသာသိစေ မမြင်စေနဲ့” ဆိုတဲ့အတိုင်း အပြင်မှာမဖြစ်ကြ ပါဘူး။ အဲဒါပြဿနာအကြီးကြီးပါပဲ။

 

လက်ထဲမှာပါလာမလားလို့ စိုးရိမ်ပြီး လက်ကိုဆပ်ပြာနဲ့ရေနဲ့ စက္ကန့်နှစ်ဆယ် ဆေးကြရတယ်။ (အခုနောက်ဆုံးမျိုးကွဲပိုးကို ကာကွယ်ဖို့ စက္ကန့်လေးဆယ် ဆေးရမယ်တဲ့။) လက်တွေကို ဆေးသာဆေးနေရတာ ဘယ်ပိုးတွေက ဘယ်လိုမိုင်ဆဲလ် (Micelles) ဖြစ်ပြီး ဆပ်ပြာနဲ့အတူ ပြိုကွဲသွားတယ်ဆိုတာ မသိကြရပါဘူး။ နှာခေါင်းစည်း (Mask)တပ်ရမယ် ဆိုလို့ တပ်ထားပေးတာ၊ ဘယ်ဗိုင်းရပ်စ်ဘောလုံးလေးတွေက ဘယ်နှာခေါင်းစည်းမှာ ဘယ်လိုကပ်ပြီးကျန်ခဲ့တယ်ဆိုတာ မသိမမြင် ကြရပြန်ပါဘူး။ ဒီလိုနဲ့နှာခေါင်းစည်းတွေကို မေးချိတ်၊ နားရွက်မှာချိတ် ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ ဖြစ်ပြန်တော့လည်း ဘယ်လိုဖြစ်မှန်း မသိရဘဲ လူနာဖြစ်၊ လူသေဖြစ်။ (မနှစ်က ကိုယ်တိုင်ကြုံခဲ့ရတယ်)

 

ပိုးတွေဟာ ကြိုတင်တွက်ဆလို့ မရနိုင်

 

လူတွေ တစ်ယောက်နဲ့တစ်ယောက် မြင်တွေ့ရပေမယ့် မကြင်ရ၊ မချစ်ရ၊ မထိရ၊ မကိုင်ရ ဝေးဝေးမှာ နေကြရပြန်တယ်။ ပထမသုံးပေကွာ၊ နောက်တော့ ခြောက်ပေကွာ၊ အခုတော့ ဝေးလေကောင်းလေဆိုပါလား။ ဒါကလည်း ဗိုင်းရပ်စ်ပိုးတွေရဲ့ မာယာပရိယာယ်နောက်ကလိုက်နေရတဲ့ လူသားပညာရှင်တွေရဲ့ဘဝပါ။ ကျွန်တော်တို့ ဉာဏ်ရှိသလောက် ကြည့်ပေမယ့် ပိုးတွေဟာ ဘယ်လိုပြောင်းလဲလာကြမလဲဆိုတာ ကြိုတင်တွက်ဆလို့ မရနိုင်ဘဲ ပိုးတွေနောက်ကလိုက်နေရတဲ့ဘဝအမှန် ကို မြင်နိုင်ရင်တော့ ကောင်းပါလိမ့်မယ်။

 

အခု ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးအကြောင်းကိုပဲ လေ့လာကြည့်ပါ။ တရုတ်နိုင်ငံ ဝူဟန်မှ ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါစဖြစ် ကတည်းက မကြာခင်မှာ လက်သည်တရားခံ ကိုရိုနာဗိုင်းရပ်စ်ပိုးကို တွေ့ထားပြီးသား။ ပိုးကလေးတွေဟာ ခေါင်းဆောင်းဦးသျှောင်နဲ့ တူလို့ ကိုရိုနာ (Corona) လို့ အမည်တပ်ခဲ့တဲ့ ပထမဦးဆုံး ဗိုင်းရပ်စ်ပိုး ကတော့ (Severe Acute Respiratory Syndrome - SARS) ရောဂါ ၂၀၀၃ ခုနှစ်မှာ စဖြစ်ခဲ့တဲ့ပိုး SARS-ကိုရိုနာဗိုင်းရပ်စ်လို့ အမည်တပ်ခဲ့ တယ်။ အခု ကိုဗစ်-၁၉ ကိုတော့ (SARS Cov-2)လို့ နံပါတ်တပ်ပေး လိုက်ပါတယ်။ လွယ်လွယ်ကူကူ (Covid-19) ကိုဗစ်-၁၉ ပါ။

 

အဲဒီ ကိုဗစ်-၁၉ ဟာ ကမ္ဘာမှာ ကပ်ရောဂါဖြစ်လာပါတော့တယ်။ တစ်ကမ္ဘာလုံးကို နှိပ်စက်မွှေနှောက်ပြီး လူတိုင်းကို အိမ်ထဲပြေးဝင်စေ ခဲ့တယ်။ လူပေါင်း ၁၁ သန်းကို သတ်ဖြတ်ပြီးသွားပြီ။ လူ့ကိုယ်ထဲဝင်တဲ့ ဗိုင်းရပ်စ်ပိုးက မျိုးပွားပြီး ပျံ့ရင်ပျံ့၊ မပျံ့ရင် နှစ်ပတ်အကြာမှာ လူတွေရဲ့ ကိုယ်ခံအားနဲ့တွေ့ပြီး သေသွားမှာလို့ ထင်ခဲ့၊ ပြောခဲ့တဲ့ ပညာရှင်ဆိုသူ တွေ နောက်ကောက်ကျသွားပါတယ်။

 

ကိုဗစ်-၁၉ ဟာ မျိုးရိုးဗီဇပြောင်းလာပါတယ်။ အင်္ဂလန်မှာ အယ်လ်ဖာ (Alpha) မျိုးကွဲ၊ ဘရာဇီးမှာ ဘီတာ (Beta) မျိုးကွဲ၊ တောင်အာဖရိကမှာ ဂါမာ (Gamma) မျိုးကွဲ၊ အိန္ဒိယမှာ ဒယ်လ်တာ (Delta) မျိုးကွဲတွေ ပေါ်လာခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ သာမန်ကိုဗစ်-၁၉ တုန်းက ခံနိုင်ရည်တော်တော်ရှိပေမယ့် အိန္ဒိယကလာတဲ့ ဒယ်လ်တာ မျိုးကွဲ ဗိုင်းရပ်စ်နဲ့ထိတော့ အတုံးအရုံးဖြစ်ကုန်တာပါပဲ။ မသေလို့ကျန်တဲ့ လူနာတစ်ယောက်ရဲ့ ဘေးဘယ်၊ ညာမှာတဖြုတ်ဖြုတ် သေသွားတဲ့ ဆေးရုံတက်ဖော်တွေကို မြင်နေ၊ တွေ့နေခဲ့ရတဲ့အမျှ အဖြစ်အပျက်တွေက မေ့နိုင်စရာမရှိပါဘူး။

 

ငယ်ငယ်ကကြားဖူးတဲ့ ပိုးမျိုးရှစ်ဆယ်ဆိုတာကို ကိုဗစ်-၁၉ တစ်မျိုးတည်းက ကြာရင်ကျော်တော့မယ်ထင်ပါရဲ့။ အယ်လ်ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ်လ်တာ၊ လမ်ဘဒါ၊ ကပ်ပါ၊ မြူ၊ အခုတော့အိုမီခရွန်။ အိုမီခရွန် အောက်မှာပဲ ဒိုင်လျှိုဝင်လာတဲ့ မျိုးကွဲတွေဟာ ကပ်ရောဂါကြီးကို ပြန်ပြီးခေါင်းထောင်စေခဲ့တယ်။ ဂျပန်နိုင်ငံမှာတော့ သတ္တမလှိုင်းဖြစ်ပြီး တစ်နေ့တာ ရောဂါပိုးတွေ့လူနာ စံချိန်တင်နေပါတယ်။ အဲဒီဂျပန်ရဲ့ စံချိန်ကို အမေရိကန်တွေက ပျင်းတောင်ပျင်းသေးတယ်။ သူတို့မှာ နေ့စဉ် သိန်းဂဏန်းနဲ့ချီတဲ့ ပိုးသစ်တွေ့နှုန်းရှိခဲ့တယ်။ အိုမီခရွန်ပိုး ထပ်ဝင်သွားတဲ့လူတွေဟာ ၈၀ ရာခိုင်နှုန်းနီးပါးရှိတယ်။

 

ကျွန်တော်တို့ဆီမှာတော့ မနှစ်က ဒယ်လ်တာနဲ့ အချီကြီးတွေ့လိုက်ပြီး ဒီနှစ်ဆန်းပိုင်းမှာဝင်လာတဲ့ အိုမီခရွန်မျိုးကွဲကို သိပ်မမှုပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ဝင်လာတဲ့လူတွေနဲ့အတူ အိုမီခရွန်မျိုးကွဲအသစ်တွေ ပါလာတယ်ဆိုတဲ့သတင်းရယ်၊ ပိုးတွေ့နှုန်းဟာ ခုဂဏန်းကနေ ဆယ်ဂဏန်းကိုတက်လာတဲ့ သတင်းရယ်က သတိထားစရာဖြစ်လာတယ်။ ပိုပြီးဂရုစိုက်ရမယ့်အချက်ကတော့ ဒီတစ်ခါဝင်လာတဲ့ မျိုးကွဲနှစ်မျိုးဟာ ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဒုက္ခကြီးကြီးပေးလာတဲ့ကိစ္စပါပဲ။

 

ကာကွယ်ဆေးတွေ ကြိုးစားထုတ်လုပ်လာ

 

ကိုဗစ်-၁၉ ရဲ့ မျိုးကွဲဖြစ်တဲ့ အိုမီခရွန်ကိုယ်တိုင်က လူတွေရဲ့ ကိုယ်ခံအားကို လှည့်ပတ်ရှောင်ရှား ကူးစက်တာ ဖြစ်ပါတယ်။ အခု တစ်ခါပေါ်လာတဲ့မျိုးကွဲက BA 2.4 နဲ့ BA 2.5 မျိုးကွဲနှစ်မျိုးကို တွေ့ကြ ရတယ်။ ဒီနှစ်မျိုးက ကူးစက်မြန်ပြီး ရောဂါလည်း နည်းနည်းပြင်းထန်တယ်လို့ ဆိုကြတယ်။ အမေရိကန်မှာတော့ နေ့စဉ်လူသုံးရာနဲ့အထက် သေနေရဆဲပါပဲ။ ကပ်ရောဂါစဖြစ်ပြီး တစ်နှစ်အကြာမှာ ကာကွယ်ဆေး တွေအမျိုးမျိုး ကြိုးစားထုတ်လုပ်လာကြတယ်။ ကာကွယ်ဆေးတွေ ကိုလည်း လူတွေများများထိုးဖြစ်အောင် ကြိုးစားခဲ့ကြတယ်။ အခု BA 2.4 နဲ့ BA 2.5 မျိုးကွဲတွေက လူ့ရဲ့ကိုယ်ခံအားကို မကြောက်ဘူး ဆိုတော့သတိကြီးကြီးထားရတယ်။

 

အဲဒီထဲမှာမှ အိုမီခရွန်က ငြိမ်ငြိမ်မနေဘူး။ ဒယ်လ်တာမျိုးကွဲနဲ့ ပေါင်းပြီး ဒယ်လ်တာခရွန် (Deltacron) ဖြစ်သွားတာကို အစ္စရေး ပညာရှင်တွေက တွေ့ကြရတယ်။ အခုနောက်ဆုံးပေါ် မျိုးကွဲသစ် ကတော့ စင်တောရပ်စ် (Centaurus) လို့ အမည်တပ်နေကြပြန်ပြီ။ BA.2 ကနေ ဆင်းသက်လာတဲ့ သီးသန့် BA 2.75 မျိုးကွဲပဲ ဖြစ်ပါတယ်။ သူ့အကြောင်းကို သိပ်မသိသေးဘူး။ ဒါပေမယ့် ခြေဖျက်ထားတဲ့ ပြိုင်မြင်း (Dark horse) အဖြစ်နဲ့ ကျန်တဲ့ဗိုင်းရပ်စ်တွေကို အနိုင်ယူသွားမယ်လို့ ပညာရှင်အချို့က တွက်ဆနေကြပါတယ်။

 

ဆိုလိုတာကတော့ ကိုရိုနာဗိုင်းရပ်စ်တွေဟာ လူ့ရဲ့ခန္ဓာကိုယ်ကို အသုံးချပြီး အချင်းချင်း မြင်းပြိုင်ပွဲကြီးလို ပြိုင်ပွဲတွေ ကျင်းပနေတာကို ခံနေရတယ်။ ကာကွယ်ဆေးက နောက်ကလိုက်နေပြီး၊ ဗိုင်းရပ်စ်တွေက မျိုးကွဲအမျိုးမျိုးထွက်ပြီး အရောင်ပြနေကြပါတယ်။ ပိုးနဲ့ပိုး ပြိုင်နေ ကြချိန်မှာ လူတွေက ဓားစာခံဖြစ်ရုံမက ပိုးတွေမျိုးပြောင်းဖို့ အကူအညီ ပေးနေရတဲ့ဘဝကို သက်ရောက်လာပါတယ်။

 

Omicron BA2၊ BA2.4၊ BA2.5 ကနေ BA2.75 အထိ ပြောင်းလဲနေတာဟာ ကိုဗစ်-၁၉ ခေါင်းစဉ်အောက်က ပိုးတစ်မျိုး တည်းသာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ မျောက်ကျောက်က ထလာ ပြန်တယ်။ သူကလည်း ကျောက်ရောဂါ ဗိုင်းရပ်စ်မျိုးကွဲတစ်မျိုး ဖြစ်ပြီး ဥရောပမှာ ပြဿနာကြီးလာတယ်။ မြန်မာပြည်နဲ့နီးတဲ့ အိန္ဒိယမှာ နှစ်ယောက်တွေ့လာရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကြီးမလာလို့ စောင့်စားနေချိန်မှာ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကပ် ပြဿနာအဖြစ် စဉ်းစားဖို့ လို၊ မလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပညာရှင်တွေက ကျိတ်ဝိုင်းဖွဲ့ပြီး အခုကြေညာပါပြီ။

 

မျောက်ကျောက်ရောဂါကို စတွေ့ခဲ့ရတဲ့ အာဖရိကတိုက်ထဲက ဒေသတွေထဲမှာလည်း အီဘိုလာ (Ebola) ဗိုင်းရပ်စ်ရောဂါက ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေတယ်။ SARS ရောဂါပြီးတဲ့နောက် ကိုဗစ်-၁၉ မဖြစ်ခင် MERS ဗိုင်းရပ်စ်ရောဂါက ကုလားအုပ်‌တွေကနေ စဖြစ်နေခဲ့ တယ်။ တစ်ပြိုင်တည်းမှာ ကြက်ငှက်တုပ်ကွေး (H5N1) ဗိုင်းရပ်စ်ပိုး ကလည်း မျိုးကွဲအမျိုးမျိုးနဲ့ လှည့်ပတ်နေလိုက်ကာ မြန်မာနိုင်ငံ ကိုတောင် ရောက်ခဲ့ဖူးသေးတယ်။ ဝက်တုပ်ကွေး (H1N1) နဲ့အတူ ဝက်တွေကို မလေးရှားမှာ ရောဂါဖြစ်ပြီးသေစေတဲ့ နီပါး (Nipah) ဗိုင်းရပ်စ်က လူတွေကို ကူးစက်နိုင်စွမ်းရှိတယ်။ အခုနောက်ဆုံး ဂါနာ နိုင်ငံမှာတွေ့တဲ့ မားဘတ် (Marburg) ဗိုင်းရပ်စ်ကလည်း ပြဿနာ ဖြစ်လာတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့ ကိုဗစ်-၁၉ ဟာလည်း နီပါးတို့ မားဘတ် ဗိုင်းရပ်စ်တို့လိုပဲ လင်းနို့တွေကနေတစ်ဆင့် ကူးကြတာပါ။ အခုဆိုရင် ကိုဗစ်-၁၉ ဖြစ်တဲ့လူကနေ မြွေပါတွေကို ကူးတယ်။ အမြီးဖြူ ဒရယ်တွေ ကို ကူးတယ်။ ခွေးတွေ၊ ကြောင်တွေကို ကူးတယ်။ သူတို့ကနေ လူကိုပြန်ကူးတဲ့ (Reverse Zoonosis) မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ဒီတော့ လူတွေဘာလုပ်နေကြသလဲ။ ပိုးပိုးချင်းတိုက်ခိုင်းဖို့ ကြံနေကြတယ်။

 

ဗီဇအင်ဂျင်နီယာ (Genetic Engineering) နည်းတွေနဲ့ ဗိုင်းရပ်စ်တွေကို လူတွေပါဝင်တိုက်ခိုက်လာအောင် လုပ်နေကြတယ်။ အခု ကိုဗစ်-၁၉ ကပ်ဆိုက်နေချိန်မှာ ဘေးနားမှာ ရပ်စောင့်ကြည့်နေတဲ့ ဗက်တီးရီးယား ပိုးဆိုးကြီးတွေကို ဗိုင်းရပ်စ်ပိုးတွေသုံးပြီး တိုက်ခိုက်ဖို့ စီစဉ်နေတယ်။

 

ဓာတ်ခွဲခန်းက ထုတ်လုပ်နိုင်လာပြီ

 

ဒါပေမယ့် ဓာတ်ခွဲခန်းထဲမှာ ဗိုင်းရပ်စ်တွေကို ယဉ်ပါးအောင်လုပ်ရတာ သန့်ပါ့မလား၊ ဘေးကင်းပါ့မလားဆိုတာကို စိုးရိမ်နေကြသူတွေလည်း ရှိတယ်။ မကြာခင်ကပဲ သတင်းတစ်ရပ်ကတော့ ပိုးပိုးချင်းတိုက်ခိုက် နိုင်စွမ်းရှိတဲ့ ဗိုင်းရပ်စ်ပိုး သန့်သန့်တွေကို ဓာတ်ခွဲခန်းတွေက ထုတ်လုပ်နိုင်လာပြီလို့ သိရတယ်။

 

ဒီသတင်းမှန်ပါစေ၊ ဒီအလုပ်မြန်ပါစေ၊ ကပ်ရောဂါဆိုးအမျိုးမျိုးဖြစ်ပေါ်စေပြီး လူတွေကို မျိုးဖြုတ်ဖို့ကြိုးစားနေတဲ့ ပိုးမွှားတွေကို ရှင်းလင်းနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။ ။