ပိုပို၏ တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၄ ရက်တွင် မန္တလေး၌ ကျင်းပမည်

ကိုလင်း

ချစ်ဖူးခဲ့သမျှ တေးစီးရီးဖြင့် ဂီတလောကထဲသို့ စတင်ဝင်ရောက်လာခဲ့ပြီး တစ်နှစ်ကျော် အချိန်ရောက်မှ ပရိသတ်များကြား ရေပန်းစားလာကာ ထို့နောက်တွင် ရွှေရောင် အနာဂတ်၊ မချစ်ရင် စသည့် တေးသီချင်းများနှင့် အောင်မြင်မှုရခဲ့ပြီးနောက် လက်ရှိအချိန်တွင် တစ်ကိုယ်တော်အခွေ သုံးခွေနှင့်အတူ စုံတွဲခွေများစွာလည်း ထွက်ရှိထားသူ အဆိုတော် ပိုပို၏ တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၄ ရက်တွင် မန္တလေး Strand Hotel ၌ ကျင်းပသွားမည်ဟု သိရသည်။

“ရန်ကုန်မှာ မလုပ်ဖြစ်တာက ရန်ကုန်မှာက ခုချိန်မှာ EDM ပွဲတွေ များတယ်လေ။ ကိုယ့်ပွဲကို လူသိပ်မဝင်မှာစိုးရိမ်တာလည်းပါသလို မန္တလေးမှာက အနားက မြို့လေးမြို့လောက်က ပရိသတ်တွေရဲ့ အားတွေကိုပါ ရမှာမို့ လုပ်ဖြစ်တာပါ။ မန္တလေးပွဲကို စစ်ကိုင်း၊ မုံရွာ၊ မကွေးနဲ့ ပြင်ဦးလွင်က ပရိသတ်တွေ လာကြမယ်။ ပိုပို့ရဲ့ We Love တွေကလည်း တော်တော် တက်ကြွနေကြတာ။ ရန်ကုန်က ပိုပို့ We Love တွေကလည်း လိုက်ပါပြီး အားပေးကြမယ်လို့ ပြောကြပါတယ်။ ှ့သတ ပွဲကြီးက ပိုပို့ရဲ့ ဘဝ မှတ်တိုင်မို့ အကောင်းဆုံးတွေ တင်ဆက်ဖို့ စဉ်းစားထားပါတယ်။ ဖျော်ဖြေချိန် နှစ်နာရီအတွင်းမှာ သီချင်းပုဒ်ရေ ၃၀ လောက် ဆိုဖို့ စဉ်းစားထားတယ်။ ပါဖောမန့်တွေဆိုလည်း အကောင်းဆုံးတွေပါမယ်။ Dancer နှစ်ဖွဲ့ လောက်ပါမယ်၊ ပိုပို့ရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ Show မှာ ကြည့်ရတဲ့ပရိသတ်တွေ အံ့သြမင်သက်သွားကြဖို့ အခုချိန်မှာတော့ ပိုပိုပိုက်ဆံစုနေတယ်။ အားတွေမွေးနေတယ်။ အဲဒီ တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲက ပိုပို့ဘဝအတွက် အကြီးမားဆုံး မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်” ဟု တစ်ကိုယ်တော်ပွဲ အတွက် စီစဉ်ထားမှုများနှင့် ပတ်သက်၍ ပိုပိုက ပြောသည်။

အဆိုပါ တစ်ကိုယ်တော်ပွဲအပြင် ပိုပိုအနေဖြင့် နောက်ထက် တစ်ကိုယ်တော် တေးစီးရီးခွေ ထွက်ရှိရန်အတွက် တေးသီချင်းများ စုဆောင်းနေကြောင်းနှင့် အဆိုပါ လေးခွေမြောက် တစ်ကိုယ်တော်အခွေတွင် သီချင်းများကို ယခင်ထွက်ရှိပြီးသား အခွေများမှ တေးသီချင်းများနှင့် ပုံစံမတူအောင် ဖန်တီးထားကြောင်း သိရသည်။ “လက်ရှိမှာတော့ အိမ်ဆောက်တာတွေ၊ စတူဒီယိုလုပ်တာတွေနဲ့ဆိုတော့ သီချင်းအသစ်တွေနဲ့ ဝေးနေပါသေးတယ်။ Master peace ကလည်းထွက်ခဲ့တာ နှစ်နှစ်လောက်ရှိပြီ။ ၁၀ လပိုင်းထဲမှာတော့ သံယောဇဉ်လက်ကျန်ဆိုတဲ့ သီချင်းလေးထွက်ဖို့ လုပ်နေပါတယ်၊ နောက်ထပ်လည်း အမုန်းကင်းမဲ့ဇုန်ဆိုတဲ့ သီချင်းလေး ထွက်မယ်။ ရိုက်ထားပြီးသွားပါပြီ။ ကြားထဲမှာ EDM ပုံစံလေးတွေလည်း ထွက်ပါမယ်။ Album  ကိုတော့ ၂၀၂၀ ပြည့်နှစ်နှစ်လပိုင်းလောက်ထွက်ဖို့ ရည်ရွယ်ထားပါတယ်။ Album  အတွက်လည်း သီချင်းတွေက တီးပြီးသွားပါပြီ။ အခွေသစ်က Music အမျိုးအစားလည်းစုံတယ်။ သီချင်းတွေကလည်း တကယ့်လက်ရွေးစင်တွေ လုပ်ထားတာမျိုးပါ။ ကိုယ်တိုင်တောင် ဒီအခွေကို အရှေ့ကထွက်ခဲ့တဲ့ အခွေတွေထက် ပိုကြိုက်မိတယ်။ Music  ပုံစံတွေကလည်း ရှေ့ကအခွေနဲ့ တော်တော် ကွာသွားပါတယ်။ ပရိသတ်တွေလည်း ကြိုက်ကြမယ်လို့ပိုယုံကြည်ပါတယ်။ ပိုပိုဆိုတာ နောက်ထပ်တစ်မျိုး ဖြစ်သွားအောင်ကို ပြောင်းလဲထားတဲ့ အခွေလေးပါ” ဟု ပိုပိုက ဆက်ပြောသည်။

မြန်မာ့အလင်း