ပါကစ္စတန် အနောက်မြောက်ပိုင်း စစ်ဆင်ရေးတွင် အကြမ်းဖက်သမား လေးဦးနှင့် စစ်သားနှစ်ဦး သေဆုံး

၄ ဖေဖော်ဝါရီ

 

ပါကစ္စတန် အနောက်မြောက်ပိုင်း ဝါဇီရစ္စတန်မြောက်ပိုင်း မျိုးနွယ်စုခရိုင်တွင် ပါကစ္စတန် စစ်တပ်က စစ်သွေးကြွများကို စစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား လေးဦးနှင့် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် တပ်ဖွဲ့က ယမန်နေ့ ညပိုင်းက ပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်ရှိ ဝါဇီရစ္စတန် မြောက်ပိုင်းရှိ မာအာလီမြို့တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်သားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လုံခြုံရေး တပ်ဖွဲ့များက မာအလီမြို့တွင် အကြမ်းဖက်သမားများ ရှိနေသည်ကို သိရှိခဲ့ရာ ထိုဒေသကို စစ်သားများက ပိတ်ဆို့ခဲ့ပြီး ၎င်းတို့ကို တိုက်ခိုက်ခဲ့ကြသည်။

 

ယင်းသို့ အပြန်အလှန် ပစ်ခတ်နေစဉ်အတွင်း အကြမ်းဖက်သမား လေးဦး သေဆုံးခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော အကြမ်းဖက်သမားများသည် ပြန်ပေးဆွဲ ငွေတောင်းခံခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းနှင့် လုံခြုံရေး တပ်ဖွဲ့များကို စီးနင်းတိုက်ခိုက်ခြင်းတို့တွင် ပါဝင်သူများ ဖြစ်သည်။

 

ပါကစ္စတန် စစ်တပ်သည် မကြာသေးမီ နှစ်များအတွင်း ဝါဇီရစ္စတန်မြောက်ပိုင်းရှိ ပါကစ္စတန် တာလီဘန်တို့ အပါအဝင် အကြမ်းဖက် အုပ်စုများကို စစ်ဆင်ရေးများစွာ လုပ်ဆောင်ခဲ့သည်။

 

ထိုဒေသတွင် အများအားဖြင့် အေးချမ်းတည်ငြိမ်မှု ရှိသော်လည်း အကြမ်းဖက်အုပ်စု အကြွင်းအကျန်များသည် လုံခြုံရေး တပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို