ပါကစ္စတန်စစ်လေယာဉ်တစ်စင်း လူနေရပ်ကွက်အတွင်းသို့ ပျက်ကျမှုကြောင့် ၁၈ ဦးသေဆုံး

ကရာချိ  ၃၁ ဇူလိုင်

ပါကစ္စတန်နိုင်ငံ ရာဝါလ်ပင်ဒီမြို့ အနီးကျေးရွာတစ်ရွာရှိ လူနေရပ်ကွက်တစ်ခုအတွင်းသို့ ဇူလိုင် ၃၀ ရက်အစောပိုင်းတွင် စစ်လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ ၁၈ ဦးသေဆုံးသွားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

စစ်လေယာဉ်သည် တပ်မတော်ရုံးများစိုက်ရာမြို့ဖြစ်သည့် ရာဝါလ်ပင်ဒီအနီးရှိ ကျေးရွာတစ်ရွာပေါ်သို့ ပျက်ကျခဲ့ရာ မီးလောင်မှုများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများကို ထိတ်လန့်ကြောက်ရွံ့စေခဲ့သည်။ သေဆုံးသူ ၁၈ ဦးတွင် ၁၃ ဦးမှာ အရပ်သားများဖြစ်ပြီး လေယာဉ်အမှုထမ်းငါးဦးပါဝင်ကြောင်း ဒေသကယ်ဆယ်ရေးအဖွဲ့ပြော ရေးဆိုခွင့်ရှိသူ ဖရွတ်ဘတ်က ပြောကြားခဲ့သည်။

မြို့တော်အစ္စလာမ်မာဘတ်အနီးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ လေယာဉ်မတော် တဆပျက်ကျမှုတွင် သေဆုံးသူများ ရှိသည့်အပြင် ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးထက် မနည်းရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူတို့၏ အလောင်းများမှာ ဆိုးဆိုးရွားရွား မီးလောင်ထားသည့်အတွက် ဒီအင်န်အေစစ်ဆေးမှုပြုလုပ်ကာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

လေယာဉ်ပျက်ကျမှုသည် ဇူလိုင် ၃၀ ရက် နံနက် ၂ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးဖြစ်သည့် မိုဟာမက်ဆာဒစ်က ပြောပြခဲ့သည်။ လူအများသည် အော်ဟစ်အကူအညီတောင်းခံခဲ့ကြ၍ ၎င်းတို့ကို ကယ်ဆယ်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့ရာတွင် မီးတောက်များမှာ အလွန်မြင့်မားပြီး ပြင်းထန်စွာတောက် လောင်နေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အေအက်ဖ်ပီ