ပါကစ္စတန်၌ ရေကြီးမှုဒဏ်ကို ခါးသီးစွာခံစားနေရချိန် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု မြင့်တက်လျက်ရှိ

 

 

အစ္စလာမ္မာဘတ်   စက်တင်ဘာ    ၁၉  

 

ပါကစ္စတန်နိုင်ငံ၌ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ခါးသီးစွာခံစားနေ ရချိန်တွင် နိုင်ငံ၏ နေရာဒေသအများအပြား၌ သွေးလွန်တုပ်ကွေး ရောဂါကူးစက်မှုလည်း မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေး အာဏာပိုင်များက စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။

 

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပတ်ခ်တွန်ကွာ ပြည်နယ်တွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ထပ်မံကူးစက်ခံရသူ စုစုပေါင်း ၃၅၀ ရှိကြောင်း ပြည်နယ်ကျန်းမာရေး ဌာနက စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင်ပြောသည်။

 

အဆိုပါ ပြည်နယ်တွင် ပိုးတွေ့ဆဲလူနာ ၁၂၄၁ ဦးရှိပြီး ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ စုစုပေါင်းသည် ၄၅၃၈ ဦးအထိ ရှိလာပြီဖြစ်သည်။ အခြား သတင်းတစ်ရပ်တွင် ပါကစ္စတန်နိုင်ငံ၌ ဇွန်လလယ်မှစတင်ကာ ယခုနှစ်မုတ်သုံမိုးရာသီတွင် မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် သေဆုံးသူ စုစုပေါင်း ၁၅၄၅ ဦး ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၈၆၀ အထိ ရှိလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဆင်ဟွာ