ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၅၉ ဦးထက်မနည်းထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၇

 

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်းသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၅၉ ဦးထက်မနည်း ထပ်မံတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းက ပြောကြားသည်။

 

ပန်ဂျပ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၏ပြောကြားချက်အရ ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၃၈၄၉ ဦးအထိ ရှိလာသည်ဟု သိရသည်။

 

ပန်ဂျပ်ပြည်နယ်၏မြို့တော် လာဟိုသည် သွေးလွန်တုပ်ကွေးရောဂါအများဆုံးဖြစ်ပွားပြီး လာဟိုမြို့ပြီးလျှင် ရာဝါလ်ပင်ဒီ၊ မူလ်တန်၊ Faisalabad နှင့် Gujranwala ခရိုင်တို့ဖြစ်ကြောင်း ၎င်းခရိုင်အသီးသီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၀၄၊ ၄၉၂၊ ၁၉၈နှင့် ၁၆၆ ဦးတို့ဖြစ်သည်။

 

ထိုပြည်နယ်တစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံတက်ကုသမှုခံယူနေသူ ၁၅၁ ဦးရှိသည်။ ၎င်းတို့အနက် ၄၉ ဦးသည် လာဟိုမှဖြစ်ပြီး ပန်ဂျပ်ပြည်နယ် ရာဝါလ်ပင်ဒီခရိုင်တွင် ကုသမှုခံယူနေသူ ၉၀ ကျော် ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို