ပါကစ္စတန်နိုင်ငံ၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၈ ဦး ရှိလာ

ဇန်နဝါရီ ၃၁

ပါကစ္စတန်နိုင်ငံ၏အနောက်မြောက်ပိုင်း ပတ်ရှ်ဝါမြို့တွင် ယမန်နေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၈ ဦး ရှိလာကြောင်း တာဝန်ရှိသူတစ်ဦးက သတင်းထောက်များအား ယနေ့တွင် ပြောကြားသည်။

ဘာသာရေးအဆောက်အအုံတစ်ခုတွင်ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ပြီးနောက် ပြိုကျအပျက်အစီးများအောက်မှ ဒဏ်ရာရရှိအချို့ သေဆုံးသွားသဖြင့် သေဆုံးသူဦးရေ မြင့်တက်လာခြင်း ဖြစ်ကြောင်း ပတ်ရှ်ဝါလက်ထောက်ကော်မရှင်နာ ရှာဖီအူလာခန်က ပြောကြားသည်။

အဆိုပါဗုံးပေါက်ကွဲမှုတွင် လူပေါင်း ၁၅၀ ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် ၆၇ ဦးသည် ဆေးရုံးတက်ကုသမှုခံယူနေဆဲဖြစ်ပြီး ကျန်ရှိသူများသည် ကုသမှုခံယူပြီးနောက် ဆေးရုံများမှဆင်းသွားပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ထိုအဆောက်အအုံအောက်တွင် လူအချို့ပိတ်မိနေဆဲဖြစ်ပြီး လူ၁၀ ဦးခန့်သည် အခြေအနေစိုးရိမ်ရသဖြင့် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်သည်ဟု ၎င်းကဆိုသည်။

အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ယင်းဘာသာရေးအဆောက်အအုံ၌ ဝတ်ပြုဆုတောင်းသူဦးရေ ၃၀၀ ခန့်ရှိပြီး ဒဏ်ရာရ၊ သေဆုံးသူများတွင် ရဲတပ်ဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို