ပါကစ္စတန်နိုင်ငံ၌ ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတို့တိုက်မိသဖြင့် ၂၉ ဦး ဒဏ်ရာရ

စက်တင်ဘာ ၂၅

 

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့မနက်ပိုင်းက ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတို့ တိုက်မိမှုဖြစ်ပွားသဖြင့် ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်ကယ်ဆယ်ရေး ၁၁၂၂ အဖွဲ့အစည်းက ပြောကြားသည်။

 

အဆိုပါရထားနှစ်စင်းတိုက်မိမှုသည် ဒေသစံတော်ချိန် မနက် ၄ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးရထားဝန်ထမ်းများသည် ခရီးသည်တင်ရထားအတွက်လမ်းကြောင်းပြောင်းပေးရန်ပျက်ကွက်ခဲ့ပြီး ကုန်တင်ရထား ရပ်ထားသည့် လမ်းကြောင်းပေါ်တွင် ဆက်လက်ပြေးဆွဲစေခဲ့သဖြင့် ရထားနှစ်စင်းတိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ထိုခရီးသည်တင်ရထားသည် အရှိန်အနည်းငယ်ဖြင့်ပြေးဆွဲသဖြင့် ရထားနှစ်စင်းတိုက်မိချိန်တွင် လူအများစုသည် ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြသည်။

 

ဒဏ်ရာရရှိသူ ၂၇ ဦးကို ရှေးဦးသူနာပြုစုနည်းဖြင့် လုပ်ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသူနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

 

ရထားမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေပြီး မီးရထားဝန်ထမ်းများ၏ ပေါ့ဆမှုဖြစ်ပါက တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်မီးရထားဌာန၏သတင်းရင်းမြစ်က သတင်းထောက်များအားပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို