ပါကစ္စတန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံး၊ ကိုးဦးဒဏ်ရာရ

စက်တင်ဘာ ၁၆

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲ့မှုဆိုင်ရာအာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ )က ပြောကြားသည်။

 

ရေကြီးရေလျှံမှုနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် သေဆုံးသူများတွင် ကလေးခြောက်ဦးနှင့် အမျိုးသမီး ၁၀ ဦးပါဝင်သည်ဟု အင်န်ဒီအမ်အေ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်သည် ရေဘေးဒုက္ခအဆိုးရွားဆုံးခံစားရသော ဒေသဖြစ်ပြီး ၁၃ ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။ တောင်ပိုင်း ဆင်းဒ်ရှ်ပြည်နယ်တွင် ရှစ်ဦးသေဆုံးပြီး အနောက်မြောက်ပိုင်း ခီဘာပါ့ထန်ခါပြည်နယ်တွင် တစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် နေအိမ် ၃၆၅၄၇ လုံး ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန် အကောင်ရေ ၉၀၇၀ သေဆုံးခဲ့သည်ဟု သိရသည်။

 

ဇွန်လလယ်မှစတင်ကာ ရွာသွန်းခဲ့သောမုတ်သုံမိုးကြောင့် သေဆုံးသူပေါင်း ၁၅၀၈ ဦးရှိပြီး ဒဏ်ရာရရှိသူပေါင်း ၁၂၇၅၈ ဦး ရှိကြောင်း အင်န်ဒီအမ်အေက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို