ပါကစ္စတန်နိုင်ငံ၌ သည်းထန်စွာရွာသွန်းသည့်မိုးနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် လူ ၃၁၀ ခန့်သေဆုံး၊ ၃၀၀ နီးပါးထိခိုက်ဒဏ်ရာရ

ဇူလိုင် ၂၆

 

ပါကစ္စတန်နိုင်ငံတွင် ဇွန် ၁၄ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားလျက်ရှိရာ မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆမှုများကြောင့် လူ ၃၁၀ ခန့်သေဆုံးပြီး အခြား ၂၉၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာအာဏာပိုင်အဖွဲ့ ( အင်န်ဒီအမ်အေ )က ပြောကြားသည်။

 

အဆိုပါသေဆုံးသူများတွင် အမျိုးသမီးနှင့်ကလေးငယ် ၁၇၅ ဦးတို့ ပါဝင်ကြောင်း အင်န်ဒီအမ်အေက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတား ၄၈ စင်းနှင့် ဈေးဆိုင်ခန်များအပါအဝင် နေအိမ် ၈၉၇၉ လုံးနီးပါး တစ်စိတ်တစ်ပိုင်း သို့မဟုတ် အလုံးစုံပျက်စီးခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရေကြီးရေလျှံမှုများကြောင့် နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် လူ ၁၀၀ သေဆုံးခဲ့ပြီး အခြား ၅၇ ဦး ဒဏ်ရာရရှိခဲ့ပြီး တောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် လူ ၇၀ သေဆုံးခဲ့ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

နိုင်ငံအတွင်း လွန်ခဲ့သော ၄၈ နာရီအတွင်းရွာသွန်းခဲ့သောမိုးကြောင့် မြို့ကြီးအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

 

နိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ပြည်သူများအား အစားအသောက်၊ မီးဖိုချောင်သုံးပစ္စည်း၊ ခြင်ထောင်၊ စောင်နှင့်ရွက်ဖျင်တဲများ ထောက်ပံ့ပေးလျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများလည်းဆောင်ရွက်လျက်ရှိသည်ဟု အင်န်ဒီအမ်အေက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို