ပါကစ္စတန်နိုင်ငံ၌ ယာဉ်မတော်တဆမှုနှစ်ကြိမ်ဖြစ်ပွား၊ လူ ၅၀ ကျော် သေဆုံး

ဇန်နဝါရီ ၃၀

ပါကစ္စတန်နိုင်ငံတွင် ယမန်နေ့မနက်ပိုင်းက ယာဉ်မတော်တဆမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် လူ ၅၀ ကျော်သေဆုံးခဲ့သည်ဟု သိရသည်။

နိုင်ငံ၏အနောက်တောင်ဘက် ဘာလိုချီစတန်ပြည်နယ်တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး လမ်းအောက်သို့ထိုးကျသွားပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ထိုယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ခရီးသည်များအပါအဝင် ၄၁ ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရအာဏာပိုင်များက ဆိုသည်။ ဒဏ်ရာရရှိသူများအားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါဘတ်စ်ကားမတော်တဆမှုဖြစ်ရခြင်းသည် အရှိန်လွန်မောင်းနှင်မှုကြောင့်ဖြစ်နိုင်ဖွယ်ရှိကြောင်း ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ထိုဘတ်စ်ကားသည် အနောက်တောင်ပိုင်း ကတ်တာမြို့မှထွက်ခွာခဲ့ပြီး  တောင်ပိုင်း ကရာချိမြို့သို့ ဦးတည်ထွက်ခွာလာခြင်း ဖြစ်သည်ဟု သိရသည်။

နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပါ့ထန်ဟွာပြည်နယ်ရှိ ရေကန်တစ်ခုတွင် လှေတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းလှေသည် ဒေသန္တရအစ္စလာမ်ဘာသာရေးကျောင်းမှ ကလေးဦးရေ ၃၀ ခန့်တင်ဆောင်လာပြီး ပျော်ပွဲစားရန် အပျော်ခရီးထွက်လာသောလှေဖြစ်ကြောင်း ဖော်ပြထားသည်။

 ဒေသန္တရ မီးသတ်သမားများနှင့် အခြားသူများက ထိုလှေနစ်မြုပ်မှုမှပျောက်ဆုံးနေသူများအား ရှာဖွေမှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို