ပါကစ္စတန်တွင် လုံခြုံရေး တပ်ဖွဲ့များ၏ မော်တော်ယာဉ် တိုက်ခိုက်ခံရ သုံးဦးသေဆုံး

၆ နိုဝင်ဘာ

 

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် ယမန်နေ့က လုံခြုံရေး တပ်ဖွဲ့များ၏ မော်တော်ယာဉ်တစ်စီး အကြမ်းဖက် တိုက်ခိုက်ခံရသဖြင့် လုံခြုံရေး ဝန်ထမ်းနှစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

လက်နက်ကိုင်ဆောင်ထားသော အကြမ်းဖက်သမား နှစ်ဦးသည် မောင်းပြန်သေနတ်များဖြင့် ဘာခါ အာဘတ် ဒေသရှိ နယ်ခြားစောင့်တပ်ဖွဲ့ကို ပစ်ခတ်ခဲ့သည်ဟု Dera Ismail Khan ခရိုင်ရဲအရာရှိ Dilawar Bangash က ပြောကြားခဲ့သည်။

 

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိကာ ယင်းသို့ အကြမ်းဖက် တိုက်ခိုက်နေစဉ်အတွင်း ဖြတ်သန်းသွားလာသော လန်ချားမောင်းသူ တစ်ဦးလည်း သေဆုံးခဲ့ကြောင်း ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။

 

ထိုပစ်ခတ်မှုပြီးနောက် မော်တော်ဆိုင်ကယ် စီးနင်းလာသော အကြမ်းဖက်သမားများ ၎င်းနေရာမှ ရှောင်တိမ်းသွားခဲ့သည်။

 

ဒဏ်ရာရသူများကို အနီးနားရှိ စစ်ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အုပ်စုမှ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပေ။

 

ယင်းနေ့အစောပိုင်းက ကွတ်တာခရိုင်သို့ ပေါက်ကွဲလွယ်သော ပစ္စည်းအများအပြား တင်ဆောင်သည့် ယာဉ်တစ်စီးကို ကွတ်တာခရိုင်သို့ ပြောင်းရွှေ့ရန် ကြိုးစားနေသော ဘာလိုချီစတန်ပြည်နယ် အနောက်တောင်ပိုင်းရှိ အကြမ်းဖက်သမား သုံးဦးကို လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို