ပခုက္ကူဈေးကွက်၌ ကြက်သွန်နီဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ ကျော် အထိရောက်ရှိလာ

ပခုက္ကူ      ဇွန်      ၁၅

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း မြန်မာ့ထွက်ကုန်တစ်ခုဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ ကျော်နှုန်းအထိ ရောက်ရှိလာကာ ဈေးကောင်းလျက်ရှိကြောင်း ပခုက္ကူမြို့၊ (၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃ ကျောင်းတိုက်ဝင်းအတွင်းရှိ ကြက်သွန်ပွဲရုံ(ဈေးကွက်)သို့ လာရောက် ရောင်းချနေသည့် ကြက်သွန်ကုန်သည်များထံမှ သိရသည်။

 

အဆိုပါမြန်မာ့ထွက်ကုန် နွေကြက်သွန်နီများကို ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ) ဦးမေဃ ကျောင်းတိုက်ဝင်းရှိ ကြက်သွန်ဈေးကွက်အတွင်း ပခုက္ကူ၊ ဆိပ်ဖြူ၊ ပုလဲ-မင်းနိုင်၊ ပေါက်နှင့် ယောနယ် ဒေသများမှ အများဆုံး ဝင်ရောက်လာကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး ကြက်သွန်ဈေးကွက် လက်ခံဆောင်ရွက်ခဲ့ရာ ယခုအချိန်ထိ အနည်းဆုံးပိဿာချိန် ၁၅၀၀၀ မှ အများဆုံးပိဿာချိန် ၁၈၀၀၀၀ ကျော်အထိ နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း၊ ယခင်နှစ်များတွင် ကြက်သွန်နီတစ်ပိဿာကို အများဆုံးငွေကျပ် ၅၅၀မှ အနည်းဆုံး ၁၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရသော်လည်း လက်ရှိကြက်သွန်နီဈေးနှုန်းမှာ ပွဲရုံအထိုင်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀ အထိရောက်ရှိကာ ဈေးကောင်းရရှိနေကြောင်း၊ လက်ရှိကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် အများဆုံးငွေကျပ် ၃၅၀၀ မှ အနည်းဆုံး ၁၉၀၀ ကျပ်အထိ ရှိကြောင်း ပခုက္ကူခရိုင်က ကုန်စိမ်းလိုင်းခွဲကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းထံမှ သိရသည်။

 

ဘာမီသာ(ပခုက္ကူ)