ပခုက္ကူချည်ထည်များကို ဂျပန်ဈေးကွက်မှ ကမ်းလှမ်းမှာယူမှုများရှိနေ

mdn

ပခုက္ကူ ၈ ဇူလိုင်

 

ဂျပန်နိုင်ငံတွင် ဇွန်လကုန်က နှစ်ရက်တာ ကျင်းပခဲ့သော မြန်မာပွဲတော်၌ ပခုက္ကူချည်ထည်များအား ခင်းကျင်းပြသခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်၏ဇနီး အပါအဝင် ပြပွဲလာသူများ၏ နှစ်ခြိုက်တန်ဖိုးထားမှုများ ရရှိခဲ့ကာ ဂျပန်ဈေးကွက်တွင် တစ်ဆင့် ပြန်ရောင်းချလိုသူများက ကမ်းလှမ်းမှာယူမှုများ ရှိနေကြောင်း ပခုက္ကူ ဂဠုန်မင်းညီနောင် ချည်ထည်လုပ်ငန်းမှ သိရသည်။

 

 

“ပြခန်းကို စိတ်ဝင်တစား လာကြည့်ကြပါတယ်၊ ချည်ထည်တွေလည်း ရောင်းခဲ့ရပါတယ်၊ အော်ဒါတွေလည်း အများကြီး လက်ခံရခဲ့ပါတယ်၊ ဂျပန်လုပ်ငန်းရှင် (၃)ဦးက အမြဲတမ်း ပို့ပေးဖို့ ကမ်းလှမ်းပါတယ်၊ ဂျပန်ဝန်ကြီးချုပ်၏ ဇနီးလည်း လာကြည့်တယ်၊ သူကိုယ်တိုင်လည်း ဝယ်သွားတယ်၊ ပြန်ပြီး ရောင်းချလိုသူတွေက မြန်မာပြည် ပြန်တဲ့အခါမှာ လေဆိပ်ထိလိုက်ပြီး ကမ်းလှမ်းတာတွေ ရှိခဲ့ပါတယ်” ဟု ပခုက္ကူမြို့ ဂဠုန်မင်းညီနောင် ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဒေါ်နီလာက ပြောသည်။ 

 

မြန်မာပြည်ဈေးကွက်နှင့် ယှဉ်ကြည့်လျှင် နှစ်ဆခန့် ဈေးပိုရသည့် အခြေအနေရှိနေပြီး လုံချည်ချုပ်ပြီး ပတ်ထမီများ၊ ကူရှင်ကာဗာ၊ အိတ်နှင့် စားပွဲခင်းအတွက် ချည်ထည်အလွတ်များကို ဂျပန်ဈေးကွက်က ဝယ်ယူကြကြောင်း ဒါရိုက်တာ ဒေါ်နီလာက ပြောသည်။

 

“SME ရှုထောင့်ကနေ ပြောမယ်ဆိုရင် SME လုပ်ငန်းသမားများတွေ ဈေးကွက်ရပြီး ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် Supply Change ကြီးတစ်လျှောက် ဖွံ့ဖြိုးလာမှာပါ။ ဥပမာ ချည်ထည်လုပ်ငန်းမှာ သူတို့ဒေသက ဝါစိုက်ပျိုးသူတွေ၊ ချည်မျှင်ထုတ်လုပ်တဲ့သူတွေ၊ အလုပ်သမားတွေ အားလုံးပေါ့” ဟု မကွေးတိုင်းဒေသကြီး SME ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ချည်ထည်လုပ်ငန်းဈေးကွက် ရလာမှုအပေါ် သုံးသပ်ပြောဆိုသည်။

 

ဇေယျတု(မကွေး)