ပခုက္ကူခရိုင်အတွင်း ကျေးရွာ(၇)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ထပ်တိုးအကောင်အထည်ဖော် ဆောင်ရွက်မည်

ပခုက္ကူ  ဇူလိုင် ၁၁

 

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာ(၇)ရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀နှုန်းစီ ထောက်ပံ့ပေးလျက်ရှိကြောင်း ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပခုက္ကူခရိုင် အတွင်းရှိ ကျေးရွာ(၇)ရွာတို့မှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျေးရွာ၏ လိုအပ်ချက်များကို ရွေးချယ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာတွင်းကျောက်ချောလမ်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ချောင်းကူးတံတားများတည်ဆောက်ခြင်း၊ ရေတွင်း၊ ရေကန်များတူးဖော်ခြင်း၊ စာသင်ကျောင်းဆောင်များ၊ ကျေးရွာစာကြည့်တိုက်နှင့် ဘက်စုံသုံးခန်းမများဆောက်လုပ်ခြင်း၊ မီးလင်းရေးလုပ်ငန်းနှင့်ကျန်းမာရေး ဆေးပေးခန်းလုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးကူညီမှု၊ မြေပြင်ကွင်းဆင်းကြီးကြပ်မှုတို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

 

“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းမှာ ကျေးလက်ဒေသများရှိ  ဖွံ့ဖြိုးမှုနည်းပါးသည့် ကျေးရွာများကို ဦးစားပေးရွေးချယ် ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ လိုအပ်ချက်များကို စီမံချက်များ အဖြစ်ဖော်ထုတ်ရေးဆွဲစေတတ်စေရန်၊ ကျေးရွာပြည်သူလူထုကိုယ်တိုင်ရေးဆွဲပြီး ရရှိလာသည့် စီမံချက်များအပေါ် အခြေခံကာ ဦးစားပေးစီမံချက်လုပ်ငန်းများအား နှစ်စဉ်ရန်ပုံငွေများလျာထားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူတွေကိုယ်တိုင် ရေးဆွဲဖော်ထုတ်ထားသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို နိုင်ငံတော်က ခွင့်ပြုငွေနှင့်ပြည်သူလူထု၏ ထည့်ဝင်ပါဝင်မှုငွေတို့ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း” ပခုက္ကူခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းနိုင်ထံက သိရသည်။

 

ခရိုင်(ပြန်/ဆက်)