ပခုက္ကူမြို့၌ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံတစ်လုံး တည်ဆောက်ပြီးစီး

ပခုက္ကူ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက်  ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်း၌ ရှစ်ခန်းတွဲ ငါးထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံတစ်လုံးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၉၈၉ သန်းဖြင့် တင်ဒါအောင်မြင်သည့် မန်းဧရာဝတီ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မတ်လတွင် တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆောက်အအုံ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၃၃၈၂၂ ပေရှိပြီး တစ်ထပ်လျှင် အခန်း ရှစ်ခန်းပါရှိသည့် ငါးထပ် အဆောက်အအုံ ဖြစ်ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများကို စံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီစွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရေး ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း  မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးတိုးကိုကိုဟန်က ပြောပြသည်။

ခရိုင်(ပြန်/ဆက်)