ပခုက္ကူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Mobile ယာဉ်ဖြင့် အခမဲ့ကွင်းဆင်းစစ်ဆေး

ပခုက္ကူ ဩဂုတ် ၂၈

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ပြည်သူ့ဆေးရုံကြီး (ပခုက္ကူ) Mobile ယာဉ်ဖြင့် ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အခမဲ့ ကွင်းဆင်းစစ်ဆေးရာ အရာတော်ကျေးရွာမှ လာရောက်စစ်ဆေးခံယူသူ ၂၃ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၉ ဦး တွေ့ရှိသည်။

 

ပခုက္ကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်ပိုး ကူးစက်ခံရမှုရှိ/မရှိ သိရှိနိုင်ရေး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ပြည်သူ့ဆေးရုံကြီး (ပခုက္ကူ) Mobile ယာဉ်ဖြင့် အခမဲ့ကွင်းဆင်းစစ်ဆေးကြရာ နံနက်ပိုင်းတွင် အရာတော်ကျေးရွာမှ လာရောက်စစ်ဆေးသူ ၂၃ ဦးတွင် ၉ ဦးပိုးတွေ့ရှိပြီး ဆိက္ခဝကျေးရွာမှ ၁၇ ဦး လာရောက်စစ်ဆေးရာ ပိုးတွေ့သူမရှိကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိနိုင်ကြောင်း သံသယဖြစ်ပါက ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးတွင် နံနက် ၈ နာရီခွဲမှ ၁၀ နာရီအတွင်း RDT Test Kit ဖြင့် လာရောက်စစ်ဆေးမှု ခံယူနိုင်ကြောင်း၊ Stay at Home (နေအိမ်နေထိုင်ရေး) အကျုံးဝင်သည့် မြို့ဖြစ်သည်နှင့်အညီ မြို့ပေါ်သို့ လာရောက်စစ်ဆေးရန် အခက်အခဲဖြစ်ပေါ်သည့် ကျေးရွာရှိပြည်သူများအား ပြည်သူ့ဆေးရုံကြီး (ပခုက္ကူ) Mobile ယာဉ် (ကိုဗစ်ပိုးစစ်ဆေးရေးယာဉ်) ဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦး၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စေတနာ့ဝန်ထမ်းများစုပေါင်းပြီး အခမဲ့ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

 

ပခုက္ကူမြို့နယ်တွင် ဩဂုတ် ၂၇ ရက်အထိ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံမှတ်တမ်းအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၁၆၂) ဦးနှင့် သေဆုံးသူ (၁၀၇) ဦးအထိ ရှိလာပြီး ကိုဗစ်-၁၉ ပိုးရှိ/မရှိ ဆက်လက် စစ်ဆေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ RDT Test Kit (၁၅၀၀) ခုနှင့် မမြသန္တာဝင်း ဖုန်းနှင့် ကုန်မျိုးစုံဖြန့်ချိရေး (ပခုက္ကူမြို့) မှ RDT Test Kit (၁၀၀၀) ခု လှူဒါန်းကြကြောင်း သိရသည်။

 

ဘာမီသာ(မဟာဝိဇ္ဇာ)