နေပြည်တော် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၈ နာရီက ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့၊ ရဲကွပ်ကဲမှုအဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ နမ့်ဆန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း ဦးစီးတပ်ဖွဲ့ဝင်များသည် နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်ရှိ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်သူ့ဆေးရုံကြီး၌ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးနှင့် နမ့်ဆန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၀)ဦးမှ စုပေါင်းသွေးလှူဒါန်းပေးကြပြီး သွေးလှူဒါန်းသော တပ်ဖွဲ့ဝင် များကို ရဲကွပ်ကဲမှုအဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းစိုးသိန်းက နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီးနှင့် အဟာရ ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)