ပါလက်စတိုင်း ဆန္ဒပြသမားများနှင့် အစ္စရေးတပ်ဖွဲ့များ ပဋိပက္ခဖြစ်ပွား

၃၀ ဇန်နဝါရီ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အစီအစဉ်နှင့် ပတ်သက်ပြီး အစ္စရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်း ဆန္ဒပြသမားများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

 

ပြီးခဲ့သည့် အင်္ဂါနေ့က ၎င်း၏အစီအစဉ်ကို ထုတ်ဖော်ပြောကြားပြီးနောက်ပိုင်း ပါလက်စတိုင်းများက ဆန္ဒပြပွဲများပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်။

 

၎င်းအစီအစဉ်သည် အစ္စရေးနှင့်ပါလက်စတိုင်းတို့အကြား ဆယ်စုနှစ်များစွာ ဖြစ်နေသော ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ထရန့်က ဆိုသည်။

 

သို့သော်လည်း ထိုအစီအစဉ်သည် အနောက်ဘက်ကမ်းခြေရှိ အစ္စရေးအခြေချနေထိုင်မှု အများစုကို အစ္စရေးပိုင်နက် နယ်မြေအဖြစ် အသိအမှတ်ပြုထားသဖြင့် အစ္စရေးကိုလိုလားသော သဘောထား ထင်ဟပ်နေသည်ဟု ဖော်ပြထားသည်။

 

အနောက်ဘက်ကမ်းခြေရှိ ရာမလာနှင့် ဟီဘရွန်မြို့တို့အပါအဝင် နေရာခြောက်နေရာထက်မနည်းတွင် ပါလက်စတိုင်းများ ယမန်နေ့က စုဝေးဆန္ဒပြခဲ့ကြသည်။

 

ဗက်လင်မြို့တွင် လူ ၂၀၀ ခန့် သည် ဂျေရုဆလင်မြို့သာလျှင် ပါလက်စတိုင်းနိုင်ငံ၏ အနာဂတ်မြို့တော်ဖြစ်သည်ဟူသော နဖူးစည်းစာတန်းကို ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

 

မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သော အစ္စရေးတပ်ဖွဲ့များကို ၎င်းတို့က ကျောက်ခဲများနှင့်ပြန်လည် ပစ်ပေါက်ခဲ့သည်။

 

၎င်း ပဋိပက္ခဖြစ်ပွားမှုမှ သုံးဦးဒဏ်ရာရရှိခဲ့သည်။ အစ္စရေးတပ်ဖွဲ့များကလည်း ကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ကြသည်။

 

ပါလက်စတိုင်းများအနေဖြင့် သောကြာနေ့တွင် ဆုတောင်းပွဲများ ပြုလုပ်ပြီးနောက် ကြီးမားသော ဆန္ဒပြပွဲများ ပြုလုပ်မည်ဟု မျှော်လင့်ရသဖြင့် ပဋိပက္ခများ ထပ်မံဖြစ်ပွားလိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို