ပလင်းကမ်းသာယာဆင်စခန်းမှ နှစ်နှစ်အတွင်း ငွေကျပ်သိန်း ၁၇၀၀ ကျော် ဝင်ငွေရှာဖွေပေးနိုင်ခဲ့

ညောင်ဦး  ၂၇  ဇန်နဝါရီ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းသစ်ထုတ်ရေး ဦးစီးဌာနက ဖွင့်လှစ်ထားရှိသည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ နှစ်နှစ်အတွင်း နိုင်ငံ့ဘဏ္ဍာငွေကျပ်သိန်းပေါင်း တစ်ထောင့်ခုနှစ်ရာငါးသိန်းသုံးသောင်း (၁၇၅၀၃၀၀၀၀)  ရှာဖွေပေးနိုင်ခဲ့ကြောင်း လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးထံမှ သိရသည်။

 

အဆိုပါ ဆင်စခန်းသည် ညောင်ဦးမြို့မှ ပခုက္ကူ-မြင်းခြံ မြို့ဘက်အထွက် ငါးမိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိကာ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ရင်း ခရီးတထောက်နားနေရာအဖြစ် ခရီးသွားဆင်ချစ်သူများ လာရောက်နားနေနိုင် (၂၈.၃.၂၀၁၈) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ပြောကြား၍ သိရသည်။ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် သို့လာရောက်ကြသည့် ခရီးသွားဘုရားဖူး ပြည်တွင်း ပြည်ပ ခရီးသွားများသည် ပလင်းကမ်းသာယာ ဆင်စခန်းအား အပန်းဖြေခရီးတစ်ထောက်နားနေရာအဖြစ် ရွေးချယ်မှုများပြားလာခဲ့ရာ နေ့စဉ်နှင့်အမျှ လာရောက်လေ့လာသူ၊ အပန်းဖြေသူများပြားလာခဲ့ကြောင်း ဆင်စခန်းတာဝန်ခံက ရှင်းပြသည်။

 

ပလင်းကမ်းသာယာ ဆင်စခန်းတွင် ဆင်ခုနှစ်ကောင်ထားရှိပေးထားကာ ပြည်တွင်းခရီးသွားရော ပြည်ပခရီးသွားများပါ ဆင်စာဝယ်ယူကျွေးမှုများပြားလာပြီး ဆင်စာဘူဖေးကျွေးမွေးသူများ လည်းများပြား လာခဲ့ကြောင်း၊ ဆင်ရေချချိန်(ဆင်ရေချိုးချိန်)များတွင် ပြည်ပခရီးသွားများအထူး စိတ်ဝင်စားကြပြီး ပြည်တွင်းခရီးသွားများသည် ဆင်နှင့်အတူဓာတ်ပုံရိုက်ခြင်း၊ ဆင်စခန်းဝင်းအတွင်း အလှချိတ်ဆွဲထားသည့် ပုဂံ-ညောင်ဦးဒေသထွက် ဇော်ဂျီရုပ်၊ ဆင်ရုပ်၊ ဘီလူးရုပ်၊ ရုပ်သေးရုပ်၊ မှူးမတ်ရုပ်များ သစ်ပင်များတွင် အလှချိတ်ဆွဲထားသည့် အရုပ်မျိုးစုံဖြင့် အလှဓာတ်ပုံတွဲရိုက်ခြင်း၊ ဆင်စခန်းဝင်ဆိုင်းဘုတ်ဖြင့် ဓာတ်ပုံရိုက်ခြင်း၊ မြစ်ကမ်းဘေးရှုခင်းအလှများဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကြကာ ဆင်စီးသည့်အချိန်တွင်လည်း ဆင်းစီးကြခြင်းများရှိကြောင်း ဆင်စခန်းတာဝန်ခံမှ ရှင်းပြသည်။ ဆင်စခန်းလာ ပြည်တွင်းပြည်ပ ဧည့်သည်များသည် ဆင်စခန်းဝင်ကြေး ပြည်တွင်း တစ်ထောင်ကျပ် သတ်မှတ်ထားပြီး၊ ပြည်ပခရီးသွား ငါးထောင်ကျပ် သတ်မှတ်ထားကြောင်း၊ ပြည်တွင်းခရီးသွား တစ်ဦး ဆင်စီးခ ငါးထောင်ကျပ် သတ်မှတ်ထားကာ၊ ပြည်ပဧည့်သည်တစ်ဦးလျှင် ဆင်စီးခ တစ်သောင်းကျပ် သတ်မှတ်ထားကြောင်း၊ ဆင်စီးချိန် မိနစ်နှစ်ဆယ်ကျော်ရှိပြီး ဆင်စီးခရီးအကွာအဝေး ငါးဖာလုံ ကျော်ရှိကာ ဆင်စီးလမ်းကြောင်းမှာလည်း တောတောင်သဘာဝအလှအပများ ဖြစ်စေရန် ဧရာဝတီမြစ်ကမ်းဘေး လမ်းကြောမှ တောင်တက် တောင်ဆင်းလမ်းကြောင်းအား ရွေးချယ်ကာ ဆင်စီးသူများ စိတ်ကျေနပ်မှု ရှိစေရန် ဦးစားပေးထားကြောင်းသိရပြီး ဆယ်နှစ်အောက်ကလေးများ၊ ရဟန်း သံဃာ၊ သီလရှင်များအား အခကြေးငွေ မကောက်ခံကြောင်း သိရသည်။

 

ပလင်းကမ်းသာယာဆင်စခန်းသို့ ပြည်တွင်း ပြည်ပ ခရီးသွားဝင်ကြေး၊ ဆင်စာရောင်းချငွေနှင့် ဆင်စီးခများ နှစ်နှစ်အတွင်း ကျပ်သိန်းတစ်ထောင့်ခုနှစ်ရာ ငါးသိန်းသုံးသောင်း နိုင်ငံ့ဘဏ္ဍာငွေရှာဖွေပေနိုင်ခဲ့ကြောင်း နှစ်နှစ်အတွင်း ပြည်တွင်း ပြည်ပခရီးသွား တစ်သိန်းကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း