ပလတ်စတစ်အမှိုက်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာ

နေပြည်တော် ၁၂ မေ

 

ပြီးခဲ့သည့်နှစ်စပိုင်းက ထိုင်းနိုင်ငံပင်လယ်ကမ်းခြေတစ်ခုတွင် ၁၀ ကီလိုမီတာခန့်ရှည်သည့် အမှိုက်များ မျောပါနေသည်ကို တွေ့ကြရာမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ အလန့်တကြားဖြစ်ကုန်သည်။ ဤသည်မှာ ရေခဲတောင်၏ထိပ်ဖျားပိုင်းလောက်ကိုသာ မြင်ရခြင်းဖြစ်သည်ဟု အရှေ့တောင်အာရှ ဂရင်းပိစ် (Greenpeace South-east Asia) အဖွဲ့က ပြောသည်။ ပလတ်စတစ်အမှိုက်ပြဿနာသည် အခြားသော ကမ္ဘာ့ပတ်ဝန်းကျင်ပြဿနာများကဲ့သို့ စိုးရိမ်စရာကောင်းသည့် အခြေအနေတွင် ရောက်ရှိနေသည်မှာအမှန်တစ်ကယ်ပင်ဖြစ်သည်။ သို့ သော်မကြာသေးခင်နှစ်များကအထိ ဤပြဿနာသည် လူအများအမြင်တွင် ပြောစရာအဖြစ် ရောက်ရှိလာခြင်းမရှိပေ။

 

ယခု ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီးရှိ ဧက ၃၀ဝ ကျယ်သော စည်ပင်သာယာအမှိုက်ပုံတွင် ဧပြီလ ၂၁ ရက်နေ့က စတင်လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် မြို့ပြတည် ဆောက်ရေးတွင် အမှိုက်ပြဿနာ၏ အရေးကြီးပုံကို မီးမောင်းထိုပြသလိုဖြစ်စေခဲ့သည်။၎င်းအမှိုက်ပုံသည် ၁၀ ပေ၊၁၅ ပေအမြင့်ရှိရာ မီးလောင်ကျွမ်းမှုကြာလာသည်နှင့်အမျှ မီးခိုးလုံးနှင့် ညှော်နံ့များက ရန်ကုန် တိုင်းဒေသကြီးမှ မြို့နယ်အချို့သို့ ပျံ့နှံ့ခဲ့သည်။ မီးလောင်ချိန် ၁၀ ရက်ခန့်အတောအတွင်း လှိုင်သာယာပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသူ ၇၁ ဦးရှိခဲ့သည်ဟုဆိုသည်။မီးငြိမ်းသပ်ရာတွင် မီးသတ်ဦးစီးဌာနက အင်အား ၃၅၀ ကျော်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အင်အား ၄၀ဝ ကျော်၊ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများမှ အင်အားများ အပါအဝင် စုစုပေါင်း တစ်ထောင့်ရှစ်ရာခန့် နေ့စဉ်ပါဝင်ငြိမ်းသတ်မှုကြောင့် ယခုကဲ့သို ငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်မြို့တော်ကို စီးပွားရေးမြိုးတော်အဖြစ်လည်းကောင်း၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြစိမ်းရောင်မြို့တော် ( Green City)အဖြစ်လည်းကောင်း၊ ဂုဏ်ယူစရာ ရှေးဟောင်းအစဉ်အလာများ ဆက်လက်ထိန်းသိမ်းမည့် မြို့တော်အဖြစ်လည်းကောင်း၊ ရည်မှန်းဆောင်ရွက်နေကြသည်ဆိုလျှင် ယခုအမှိုက်ပုံမီးလောင်သည့်ပြဿနာသည် အနာဂတ်ဖွံ့ဖြိုးရေးအတွက် အချက်ပေးခေါင်းလောင်းသံဟု မှတ်ယူနိုင်ပါသည်။ ရန်ကုန်မြို့တော်၏ လူဦးရေ ၇ သန်းခန့်မှ စွန့်ပစ်အမှိုက်တစ်ရက်လျှင် တ်ချိန် ၂၅၀ဝ ခန့်ထွက်ရှိနေရာ အလွယ်တကူဆွေးမြည့်သွားခြင်းမရှိသော ပလတ်စတစ်အမှိုက်များက ပြဿနာဖြစ်စေခြင်းဖြစ်သည်။ ယခုအမှိုက်ပုံကို ၂၀ဝ၁ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး ယင်းမတိုင်ခင်က အလုံနှင့် မအူကုန်း အမှိုက်ပုံများသည် အလိုအလျှောက်ဆွေးမြည့်သွားခြင်းကြောင့် ယခုအခါ လူနေရပ်ကွက်များအဖြစ် ဖန်တီး၍ ရခြင်းဖြစ်သည်။

 

ယခု ပလတ်စတစ်အမှိုက်၏ အန္တရာယ်ကို တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်လာနေရသည်။ ၁၉၅၀ ပြည့်နှစ်လောက်က စတင်အသုံးပြုခဲ့သော ပလတ်စတစ်ပစ္စည်းများသည် ယခုအခါ တန်ချိန် ၈ ဒသမ ၃ ဘီလီယံ လောက် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ ၎င်း ၈ ဒသမ ၃ ဘီလီယံတွင် ၉၁ ရာခိုင်နှုန်းသည် ပြန်လည်အသစ်ပြုလုပ် (recycled) သုံးစွဲခြင်းမရှိခဲ့ပေ။ ထိုကျန်ရှိ ပလတ်စတစ်များသည် ဆက်လက်တည်မြဲနေသည်။နှစ်ရာချီ၍ အချို့မှာ နှစ်ထောင်ချီ၍ တည်ရှိနေနိုင်သည်ဟုဆိုရာ ထိုအန္တရာယ်ကို လူသားတို့ ဆက်လက်ရင်ဆိုင်ရတော့မည်ဖြစ်သည်။အမေရိကန်နိုင်ငံတွင်လည်း နှစ်စဉ် ပလတ်စတစ်အိတ် ဘီလီယံ ၁၀ဝ လောက်သုံးစွဲနေပြီး အချိုရည်သောက်သုံးသော ပလတ်စတစ်ပိုက်သန်း ၅၀ဝ လောက်သုံးစွဲနေသည်။ ၎င်းပိုက်များကို ဆက်လိုက်ပါက ကမ္ဘာာကိုနှစ်ပတ်ပတ်နိုင်လောက်သည့် အလျားကို ရရှိမည်ဖြစ်သည်။ ပို၍ဆိုးသည်မှာ ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ စာရင်းများအရ နှစ်စဉ်ပင်လယ်အတွင်းသို့ စွန့်ပစ်သော ပလတ်စတစ်အမှိုက် တန်ချိန် ၈ သန်းခန့်ရှိသည်ဟု ဆိုပါသည်။ ထိုပလတ်စတစ်များသည် နှစ်ကာလရှည်ကြာသောအခါ ပလတ်စတစ်အမှုန်ကလေးများအဖြစ်ပြောင်းလဲသွားပြီး ရေထုညစ်ညမ်းမှုနှင့် ပင်လယ်သတ္တဝါများကိုပါ ဆိုကျိုးသက်ရောက်လျက်ရှိသည်ဟု ဆိုပါသည်။ ပလတ်စတစ်အိတ်ကို အစာထင်မှတ်၍ စားမိသော ရေနေ၊ ကုန်းနေ သတ္တဝါအရေအတွက် ပိုမိုများပြားလာသည်။

 

အဓိကအားဖြင့် အမှိုက်များသည် အလိုအလျှောက်ဆွေးမြည့်သွားဖို့ လိုပါသည်။ထိုအတွက် ၁၉၇၀,၁၉၈၀ ပြည့်နျစ်ကာလများကဲ့သို့ ပစ္စည်းထုပ်ပိုးရာတွင် စက္ကူ၊ အင်ဖက်၊ ကြာဖက်များ ပြန်လည်အသုံးပြုခြင်းကိုအားပေးရန်လိုသည်။ စားသုတ်သုတ်၊သွားသုတ်သုတ်ဖြစ်သော ရန်းကုန်၊မန္တလေးလို မြို့ကြီးများတွင် အခက်အခဲရှိနိုင်သော်လည်း မြို့ငယ်များနှင့်နယ်များတွင် ထိုအလေ့အကျင့်ကို ပြန်လည်ပျိုးထောင်၍ ရနိုင်ပါသေးသည်။ပလတ်စတစ်အမှိုက်များနှင့် ပတ်သက်သော တစ်ကမ္ဘာလုံး၏ဆောင်ပုဒ်မှာ လျှော့သုံးခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ပြန်၍ အသစ်ပြုလုပ်အသုံးပြုခြင်း၊(Reduce,Reuse, Recycle) ပင် ဖြစ်ပါသည်။ နောက်တစ်နည်းမှာ စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့် စက်ရုံအကြီးစားများ တည်ဆောက်ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျရောက်ခဲ့သော မြေကမ္ဘာနေ့ ( Earth Day) တွင် ပလတ်စတစ်အမှိုက်ပြဿနာကို ရေရှည်လှုပ်ရှားမှုဖြင့် ဖြေရှင်းဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချခဲ့သည့်အတိုင်း ရန်ကုန်တိုင်းဒေသကြီး သာမက မြန်မာတစ်နိုင်ငံလုံး အလေးထားရန် လိုအပ်နေပါသည်။ ။

 

မြန်မာ့အလင်း