ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့

 

မြန်လင်းမောင်

 

လက်ရှိကမ္ဘာ့ပေါ်တွင်   အသုံးပြုနေသည့် ပလတ်စတစ်ရေသန့်ဘူးများတွင် ပါဝင်နေသည့် သေးငယ်သော ပလတ်စတစ် အမှုန်အမွှားအရေအတွက်သည် ယခင်ကခန့်မှန်းထားသည်ထက် အဆတစ်ရာ ပိုမိုပါဝင်နေကြောင်း  အမေရိကန်အမျိုးသား သိပ္ပံအကယ်ဒမီဂျာနယ်က လေ့လာတွေ့ရှိမှု စစ်တမ်းသစ်တစ်ခုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အစောပိုင်းက ဖော်ပြခဲ့သည်။

သိပ္ပံပညာရှင်များသည်  မကြာသေးမီကပြုလုပ်သည့် သုတေသန စစ်တမ်းတစ်ရပ်လုပ်ဆောင်ခဲ့ရာတွင်  ပျမ်းမျှရေတစ်လီတာလျှင် ပလတ်စတစ် အမှုန်အမွှားပေါင်း ၂၄၀၀၀၀ ခန့် ပါဝင်နေကြောင်း တွေ့ရှိခဲ့သဖြင့် ယခင်က  ခန့်မှန်းထားသည်ထက်  ၁၀ ဆမှ  အဆ  ၁၀၀ အကြားအထိ ပိုများနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကြီးမားသော ပလတ်စတစ်ပစ္စည်းများမှ ကွဲထွက်သွားသည့် မိုက်ခရို ပလတ်စတစ်များကို သောက်သုံးရေနှင့် အစားအစာများထဲတွင်သာမက ယခုအခါ နေရာတိုင်းတွင် တွေ့နေရပြီး ဝင်ရိုးစွန်းဒေသများရှိ ရေခဲဖုံး တောင်တန်းတောင်ထွတ်များနှင့် ဂေဟစနစ်များထဲအထိပါ ပျံ့နှံ့တွေ့ရှိနေရပြီဖြစ်သည်။

အဆိုပါ ရလဒ်များအရ ရေသန့်တစ်လီတာလျှင် မိုက်ခရို ပလတ်စတစ်နှင့် နာနိုပလတ်စတစ်အမှုန်အမွှားပေါင်း ၁၁၀၀၀၀ မှ ၃၇၀၀၀၀ ကြားအထိ ပါဝင်နေကြောင်းသိရသည်။ အများဆုံးပါဝင်နေသည့် ပစ္စည်းမှာ ရေကိုသန့်စင်ရန် အသုံးပြုသော ပလတ်စတစ် ရေစစ်များမှ ထွက်ပေါ်လာသည့် နိုင်လွန်များဖြစ်ကာ ဒုတိယမှာ ရေသန့်ဘူးများ ပြုလုပ်ထားသည့် polyethylene tere-phthalate သို့မဟုတ် PET ပလတ်စတစ် အမျိုးအစားများ ပျော်ဝင်နေကြောင်း သုတေသနရလဒ်များက ဖော်ပြသည်။

မိုက်ခရိုပလတ်စတစ်များသည် ၅ မီလီမီတာအောက် အရွယ်အစား သတ်မှတ်ထားပြီး နာနိုပလတ်စတစ် အမှုန်များကို တစ်မိုက်ခရိုမီတာအောက် သို့မဟုတ် တစ်မီတာ၏ ဘီလီယံတစ်ရာအောက် အရွယ်အစားရှိသည့် အမှုန်အမွှားများအဖြစ် သတ်မှတ်ထားသည်။ အဆိုပါသေးငယ်ပလတ်စတစ်အမှုန် အမွှားများသည်လူတို့၏ အစာခြေစနစ်နှင့် အဆုတ်များမှတစ်ဆင့် သွေးကြောအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ကာ လူ့ဦးနှောက် အပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းများထံသို့ ဝင်ရောက်နိုင်သည့်အပြင် နှလုံးလမ်းကြောင်းနှင့် မမွေးဖွားရသေးသော ကလေးငယ်များ၏ ခန္ဓာကိုယ်ထဲသို့ပင် မိခင်မှတစ်ဆင့်အချင်းကိုဖြတ်ကူး ဝင်ရောက်လျက် ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

 

mdn

 

လူ့ခန္ဓာကိုယ်အတွင်း မိုက်ခရိုပလတ်စတစ်များ

 

ထို့ပြင် လူတစ်ဦး တစ်နှစ်လျှင် မိုက်ခရိုပလတ်စတစ် အပိုင်းအစပေါင်း တစ်သိန်းဝန်းကျင်ခန့် အစားအသောက်များ စားသောက်ရာမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နေပြီး ကမ္ဘာ့လူတစ်ဦးချင်းစီ တိုင်းသည် တစ်နှစ်လျှင် မိုက်ခရိုက်ပလတ်စတစ် ၂၅၀ ဂရမ်ခန့်ကို စားသုံးမိနေကြသည်ဟုဆိုသည်။ ထိုသို့ လူ့ခန္ဓာကိုယ်အတွင်း မိုက်ခရို ပလတ်စတစ်များ ဝင်ရောက်မှုနှင့် စပ်လျဉ်း၍ ကျန်းမာသန်စွမ်းသူ ၂၂ ဦးကို စစ်ဆေးရာ တွင် ၁၇ ဦး၏ သွေးထဲ၌ မိုက်ခရို ပလတ်စတစ်များ တွေ့ရှိခဲ့ရ ကြောင်း၊ ထို့ကြောင့် ဖြစ်လာနိုင် သည့် ကျန်းမာရေးဆိုးကျိုးများအနေဖြင့် နှလုံးသွေးကြောရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အစာအိမ် အူလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများဖြစ်ခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲ ခြင်း၊ အဝလွန်ခြင်း၊ အာရုံကြော ရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ မျိုးပွားမှု ထိခိုက်ခြင်းတို့ဖြစ်နိုင်ကြောင်း ခန့်မှန်းထားပြီး ဆက်လက် လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။

 

ရာသီဥတု ဖောက်ပြန်ခြင်း၏ အဓိကအကြောင်းအရင်း

 

ပလတ်စတစ်များသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကဲ့သို့သော ရုပ်ကြွင်းလောင်စာများမှတစ်ဆင့် ဆင်းသက်လာခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ ပလတ်စတစ်ပြုလုပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်း ပြုလုပ်ရန် သဘာဝဓာတ်ငွေ့ထုတ်ယူမှုနှင့် သယ်ယူပို့ဆောင်မှုများလုပ်ဆောင်မှုမှ တစ်နှစ်လျှင် မက်ထရစ်တန်ချိန် ၁၂ ဒသမ ၅ သန်းမှ ၁၃ ဒသမ ၃ သန်းနှင့်ညီမျှသော ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များ ထုတ်လွှတ်နေကြောင်း သိရသည်။ ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်မှု စက်ဝန်းတွင်အဆင့် (၁) လောင်စာများ ထုတ်ယူမှု၊ (၂) သယ်ယူမှုအဆင့်ဆင့်နှင့် (၃) ပလတ်စတစ်များ ထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်လျှောက်လုံးမှ အန္တရာယ်ဖြစ်စေသည့် ဓာတ်ငွေ့ တန်ချိန် ဘီလီယံပေါင်းများစွာကို ထုတ်လွှတ်ခြင်း၊ (၄) ပလတ်စတစ် အမှိုက်မီးရှို့မှုကြောင့် အဆိပ် အတောက်များနှင့် လေထုထဲသို့ ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့ (GHG) များ ထုတ်လွှတ်ခြင်းစသည့် အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည့်အပြင် ပြန်လည်တီထွင်အသုံး ပြုမှု (Recycling) နည်းလမ်းများမှ တစ်ဆင့်လည်း မှန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ၂၀၁၉ ခုနှစ်မှာ ပလတ်စတစ် ထုတ်လုပ်မှုနှင့် ပလတ်စတစ်အမှိုက်များကို မီးရှို့မှုကြောင့် ထွက်ရှိသည် ဓာတ်ငွေ့ပမာဏသည် ကျောက်မီး သွေး စက်ရုံ ၁၈၉ ရုံမှ ဓာတ်ငွေ့ထွက်ရှိနှုန်းနှင့် ညီမျှကြောင်း စစ်တမ်းများက ဖော်ပြသည်။

ကမ္ဘာတစ်ဝန်းတွင် ပလတ်စတစ်ထုတ်လုပ်မှုသည် တစ်နှစ်လျှင် မက်ထရစ်တန်ချိန် သန်း ၄၀၀ နီးပါးရှိပြီး နှစ်စဉ်တန်ချိန် သန်း ၃၀ ကျော်ကို သမုဒ္ဒရာ၊ ရေလမ်းကြောင်း၊ ကုန်းပေါ်၌ပါ မဆင်မခြင် စွန့်ပစ်ခြင်းများကြောင့် မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာ များဖြစ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် သမုဒ္ဒရာထဲရှိ မိုက်ခရို ပလတ်စတစ်ညစ်ညမ်းမှုများကြောင့် ပင်လယ်၊ သမုဒ္ဓရာများမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ စုပ်ယူ နိုင်စွမ်းကိုလည်း ခက်ခဲစေနိုင်ကြောင်း သိရသည်။ ပလတ်စတစ်၏ ဆိုးကျိုးများသည် သဘာဝပတ်ဝန်းကျင်ရော လူသားများအတွက်ပါ ထိခိုက်စေလျက်ရှိပြီး အမေရိကန်နိုင်ငံတွင် ပလတ်စတစ်နှင့် ဆက်စပ်သည့်ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှုများကြောင့် ၂၀၁၉ ခုနှစ် တစ်နှစ်တည်းပင် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံကုန်ကျခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ ပလတ်စတစ်မှ ထွက်ရှိသည့် ဓာတ်ငွေ့သီးသန့် မက်ထရစ်တန် ၆၅ ဘီလီယံအထိ ထွက်နိုင်ခြေ ရှိသည်ဟု ဆိုသည်။

 

ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခု

 

ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခု ဖြစ်လာနေခြင်းကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်ခြင်း၏ အဓိကတရားခံ ဖြစ်သည့် ပလတ်စတစ်ကို အတတ်နိုင်ဆုံးလျှော့ချသုံစွဲရေး လှုပ်ရှားမှု များကို လုပ်ဆောင်လျက်ရှိပြီး မိမိတို့နိုင်ငံတွင်လည်း ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ပလတ်စတစ်အမှိုက် လျော့ကျစေရေးအတွက် အစိုးရဌာန ဆိုင်ရာများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့ အစည်းများနှင့် လူမှုရေးအသင်း အဖွဲ့ပေါင်းစုံပါဝင်သည့် အပတ်စဉ်အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်သည့် အစီအစဉ်များနှင့် ပလတ်စတစ်လျှော့ချသုံးစွဲရေး အစီအစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ ရသည်မှာ အားရဖွယ်ပင်ဖြစ်သည်။

ထို့ပြင် မိမိတို့မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာ နှင့် “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” တွင် ရည်မှန်းချက် ပန်းတိုင် ခြောက်ခုကို အခြေခံချမှတ် ထားပြီး “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့ (Solutions to Plastic Pollution)” ဟူသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ် ညစ်ညမ်းမှုကို လျော့ကျစေရေး 3R စနစ်ဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချခြင်း (Reduce)၊ တစ်ခါသုံးပလတ်စတစ် သုံးစွဲမှုရှောင်ကြဉ်ပြီး ပြန်လည်အသုံးပြုခြင်း (Reuse) နှင့် စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle) စသည့် ရေရှည်အစီအမံများဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ပလတ်စတစ် အမှိုက်များညစ်ညမ်းမှုပြဿနာကို ရေရှည်ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းများဖြင့် ဆောင်ရွက်ကြရမည် ဖြစ်သည်။

ကိုးကား -

(၁) Bottled water contains hundreds of thousands of plastic bits: study

(၂) Thant Myanmar